
ပန်းနှမ်းပင်သည် သမပိုင်းသီးနှံအမျိုးအစားဖြစ်ပြီး ရေကြမ်း၊ မြေကြမ်း၊ ရာသီဥတုဒဏ် ခံနိုင်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်သဖြင့် အပူပိုင်းဒေသများ၊ မြေပြန့်ဒေသ များတွင် စိုက်ပျိုးနိုင်သလို တောင်ပေါ်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ဆီထွက်သီးနှံ အမျိုးအစားဖြစ်သည်။ ပြည်တွင်းဒေသအနှံ့အပြား၌ စိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြောင်း လေ့လာသိရှိရပါသည်။ ပန်းနှမ်းသည် အလင်းရောင်တုံ့ပြန်သောမျိုးများဖြစ်၍ စိုက်ပျိုးချိန်နောက်ကျပါက ပန်းပွင့်နည်းခြင်း၊ အပင်ကြီးထွားမှု ထိခိုက်နိုင်သည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ကလော၊ ဟဲဟိုး၊ အောင်ပန်း၊ ပင်းတယ၊ ဆီဆိုင်နှင့် နမ့်စန် မြို့များတွင် အများဆုံး စိုက်ပျိုးထွက်ရှိကြောင်းသိရှိရပါသည်။ ပန်းနှမ်း တစ်ဧကလျှင် (၇)တင်းမှ (၁၂) တင်းခန့် အထိ ထွက်ရှိ၍ အစေ့တစ်တင်းလျှင် ဆီ(၅ ပိဿာခွဲ မှ ၆ ပိဿာခန့်) ကြိတ်ခွဲရရှိနိုင်ပါသည်။ တစ်ဧက စိုက်ပျိုးလျှင် ဆီ(၄၀)ပိဿာခန့် ထုတ်လုပ်ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။ လက်ရှိကာလတွင် ဒေသတွင်းဈေးကွက်၌ ဖြစ်ပေါ်နေသော ပန်းနှမ်းရောင်းဝယ်မှုအခြေအနေမှာ ပန်းနှမ်းစေ့ တစ်ပိဿာ လျှင် ၅၆၀၀ ကျပ်နှင့် ပန်းနှမ်းဆီ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရှမ်း)
