
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစ်သားမြို့နယ်၌(၃၀၂)ဧက ၊ ခရိုင်ချုပ်အနေဖြင့် စုစုပေါင်း(၁၇၃၉)ဧက စိုက်ပျိုး ထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများ ရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလနှင့်မတ်လများတွင် စတင်ထွက်ပေါ်မည် ဖြစ်ကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲစဉ်းငုံအပင်များ အသီးအပွင့် ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ စျေးနှုန်းအနေဖြင့် တစ်တင်း လျှင်(၁၀၈၀၀၀/-)ကျပ်စျေးနှုန်းရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့်(၇၈၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ပဲစဉ်းငုံများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၉၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ပွဲရုံများမှသိရှိရပါသည် ။ ပဲစဉ်းငုံကို ပဲဟင်း ၊ ပဲကြော် ၊ ပဲစဉ်းငုံ အသီးကို အစိမ်းပြုတ်၍ စားသုံးကြပါသည် ။ ပဲစဉ်းငုံ စားသုံးခြင်းဖြင့် ပန်းနာရင်ကြပ်ရောဂါများကိုလည်းပျောက်ကင်းစေသည့်အပြင် သွေးအားနည်းရောဂါ၊သွေးတိုးကိုကျစေပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေကြောင်း ၊ ပဲစင်းငုံထဲတွင် ပိုတက်စီယမ် သတ္တုဓာတ် အဓိက အများဆုံးပါရှိပြီး ၎င်းဓာတ်က ခန္ဓာကိုယ်ထဲရောက်သွားသောအခါ ဓာတ်ပြုပြီး နောက် သွေးဖိအားကို လျှော့ချပေးသည့်အတွက် သွေးတိုးရောဂါရှိသူများအနေဖြင့် ပဲစင်းငုံကို နေ့စဉ် စားပေးသင့်သည်။ ပရိုတင်းဓာတ် အပြည့်အဝပါရှိသည့် ပဲစင်းငုံကို စားပေးခြင်းဖြင့် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများ နှင့် အရိုးများကို ကောင်းစွာတည်ဆောက်စေကာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေကြောင်း ကျန်းမာရေးစာစောင်များမှလေ့လာသိရှိရပါသည်။ ပဲစဉ်းငုံစားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိသဖြင့် စားသုံးသင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။
DOCA(မန္တလေး)
