
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင်ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်း ကိုအဓိကထားစိုက်ပျိုးလျှက်ရှိပြီး နွေနှမ်းနှင့်ဆောင်းနှမ်းကို အနည်းငယ်သာစိုက်ပျိုးကြပါသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နှမ်းသီးနှံကို သီးသန့်စိုက်ပျိုးကြသလို ပဲစဉ်းငုံသီးနှံနှင့်သီးညှပ် စိုက် ပျိုးမှုမှာ ပို၍များကြောင်းသိရသည်။၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနှမ်းကို (၁၂၃၁၅၁)ဧကလျာထားခဲ့ပြီး စိုက်ဧက (၁၃၄၆၁၇) ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် (၄.၇၈)တင်းနှုန်းထွက်ရှိ၍ စုစုပေါင်း (၆၅၅၅၈၅)တင်း ထွက်ရှိခဲ့ပါသည်။ လျာထားဧကထက် ( ၁၃၄၆၆ )ဧက ပိုမိုစိုက်ပျိုးခဲ့ကြသည်။ ဇွန်လ မိုးဦးကျချိန်တွင် စတင်စိုက်ပျိုး၍ ဇူလိုင်လကုန် ဩဂုတ်လ ပထမပတ်တွင် လှိုင်လှိုင်ထွက်ရှိပြီး နွေနှမ်း ကို မတ် ၊ ဧပြီလတို့တွင် စတင် စိုက်ပျိုး၍ ဇွန်၊ ဇူလိုင်လများတွင် ထွက်ရှိပါသည်။ ဇူလိုင်လကုန်နှင့် ဩဂုတ်လများတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိဆက်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိ ပွဲရုံများ၊ ဆီစက်များသို့ လာရောက်၍ ရောင်းဝယ်မှု ပြုလုပ်ကြသည်။
ယခုနှစ်နှမ်းသီးနှံစတင်ထွက်ပေါ်ချိန်တွင် နှမ်းနီတစ်တင်းလျှင် (၉၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း လျှင် (၁၀၂၀၀၀)ကျပ်ဈေးဖြင့် ရောင်းဝယ်စတင်ခဲ့ပြီး ဩဂုတ်လနောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်း (၈၈၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း(၉၁၀၀၀)ကျပ် ၊ နိုဝင်ဘာလတွင်လည်း နှမ်းနီတစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၉၁၀၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်စွာ အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့်(၂၆၉၀၀၀)ကျပ် ကျသင့်ပြီး တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၄.၈၇)တင်းနှုန်းထွက်ရှိ၍ တစ်တင်းရောင်းဈေး (၉၁၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရသောကြောင့် တစ်ဧကအကျိုးအမြတ်မှာ(၁၇၄၁၇၀)ကျပ်ရရှိစေပါသည်။ ဒေသ ထွက်နှမ်းများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် ပြင်ပသို့ ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများ များလာကြပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌ သုံးစွဲခြင်း၊ဆီကြိတ်ခွဲရောင်းချခြင်းများ ပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများ ပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ စေလာခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်း မွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည့်အတွက် နှမ်းအပါအဝင် ဆီထွက်သီးနှံများအား ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
DOCA(မန္တလေး)
