Main menu

ဆိတ်မွေးမြူရေးလုပ်ငန်းအကြောင်း

Powered by Drupal

        ဆိတ်မွေးမြူခြင်းလုပ်ငန်း၏ တွက်ချေကိုက်မှုကို သိရှိနိုင်စေရန် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆိတ်မွေးမြူသူနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ဆိတ်မွေးမြူသူအနေဖြင့် လွန်ခဲ့သော(၅)နှစ်ခန့်မှစ၍ ဆိတ်(၃) ကောင် စတင်မွေးမြူခဲ့ရာ ယခုအချိန်တွင်ဆိတ်ကောင်ရေ(၂၃)ကောင် ပိုင်ဆိုင်ပြီဖြစ်ကြောင်း၊ ရွှေဘိုမြို့နယ် အနေဖြင့် ဆိတ်ကျောင်းရန်စားကျက်ပေါများသည့်အတွက် မိမိတို့မိသားစုမှ တစ်နိုင်တစ်ပိုင် ဆိတ်ကျောင်း သည့်လုပ်ငန်း ဆောင်ရွက်နိုင်ပါက ဆိတ်ဝယ်ရသည့် ကုန်ကျစရိတ်မှလွဲ၍ ငွေကုန်ကြေးကျသက်သာပြီး အကျိုးအမြတ်ရှိသောလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ရွှေဘိုမြို့နယ်တွင် ဆိတ်ကို မိုးကောင်းတောဒေသများ ဖြစ်သည့် ရွှေဘိုမြို့အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိကျေးရွာများတွင် အများဆုံးမွေးမြူကြပြီး မြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း အနည်းငယ်မွေးမြူကြကြောင်းသိရှိရပါသည်။ ဆိတ်သည် တစ်ကောင်လုံး အသုံးဝင်ပြီးအသား၊ အရိုး၊ သားရေနှင့် ဆိတ်ချေးပါမကျန် ရောင်းချရသည့်တိရစ္ဆာန်ဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် (၂)နှစ်သားအရွယ်ဝန်းကျင်းရှိ ရိုးရိုးဆိတ်တစ်ကောင်၏ပေါက်ဈေးမှာ (၈၀၀၀ဝိ/-)၊ ဆိတ်သိုးတစ်ကောင်၏ ပေါက်ဈေးမှာ(၁၅၀၀၀ဝိ/-)နှင့် နို့ခွာ၍(၆)လသားအရွယ် ဆိတ်ပေါက်တစ်ကောင် ၏ပေါက်ဈေးမှာ (၂၅၀၀ဝိ/-)မှ(၃၀၀ဝဝိ/-)ရှိကြောင်း၊ ဆိတ်အရှင်ကို အသားစားအနေဖြင့်ရောင်းချပါက မန္တလေးဈေးကွက်သို့ ပွဲစားများမှတစ်ဆင့်ရောင်းချကြောင်း၊  ယခုအချိန်တွင် ပွဲစားအနေဖြင့် ဆိတ်မွေးသူ ထံမှ အလေးချိန် တစ်ပေါင်လျှင်(၁၂၀ဝိ/-)ဖြင့်ဝယ်ယူပြီး မန္တလေးဈေးကွက်သို့ တစ်ပေါင်လျှင်(၁၅၀ဝိ/-)ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ယခင်ကပွဲစားမှ တစ်ပေါင်လျှင်(၁၅၀ဝိ/-)ဖြင့်လည်းကောင်း၊ ပေါင်တစ်ရာ ကျော်ပါက(၂၀၀ဝိ/-)ဖြင့်လည်းကောင်း ပေးဝယ်ပြီး မန္တလေးဈေးကွက်သို့ တစ်ပေါင်လျှင်(၂၆၀ဝိ/-)ဖြင့် ရောင်းချကြောင်း၊ ယခင်ကဆိတ်သားရေများဝယ်ယူသော်လည်း ယခုမဝယ်တော့ကြောင်း သိရှိရပါသည်။

      ရွှေဘိုမြို့တွင် ဆိတ်သားတစ်ပိဿာပေါက်ဈေးမှာ(၂၅၀၀ဝိ/-)ရှိကြောင်း၊ ဆိတ်ချေးတစ်တင်းခွဲဝင် တစ်အိတ်လျှင်(၇၀ဝိ/-)နှင့် ထွေလာဂျီကားတစ်စီးလျှင်(၂၀၀၀ဝိ/-)ပေါက်ဈေးရှိပြီး သနပ်ခါးခြံများတွင် မြေဩဇာအဖြစ်အသုံးပြုသည်ဟုသိရှိရကြောင်း၊ ဆိတ်မတစ်ကောင်သည် တစ်နှစ်လျှင်နှစ်သားပေါက်ပြီး ကိုယ်ဝန်ဆောင်ချိန် လေးလခွဲကြာမြင့်၍ တစ်ခါသားပေါက်လျှင် တစ်ကောင်သို့မဟုတ်နှစ်ကောင် အများဆုံးပေါက်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆိတ်ကလေးသေပါက ဆိတ်နို့ညှစ်၍ရောင်းနိုင်ပြီး တစ်လီတာဝင်ရေသန့်ဗူးတစ်ဗူးလျှင်(၂၀၀ဝိ/-)ဖြင့် ရောင်းချရကြောင်း၊ ရောဂါအနေဖြင့် အဆုတ်ပွခြင်း၊  ပလုပ်ရောင်ခြင်း၊ ခွာနာရောဂါများဖြစ်ပွားတတ်ကြောင်း၊ ဆိတ်မွေးမြူရန်အတွက် အဆောက်အဦအနေဖြင့် ရိုးရိုးမြေကြီးတဲကို သွပ်မိုးဖြင့်ဆောက်လုပ်ထားကြောင်း၊ ဆိတ်သည် အအေးမကြိုက်သည့် တိရစ္ဆာန် ဖြစ်သဖြင့် ဆောင်တွင်းရာသီရောက်၍ အအေးပိုပါက ဆိတ်ခြံ၏ ဘေးပတ်လည်ကိုမိုးကာဖြင့် ကာပေးရကြောင်းနှင့် ဆိတ်မွေးမြူသည့်လုပ်ငန်းသည် လွယ်ကူပြီး နှစ်စဉ်ဝင်ငွေတိုးတက်သဖြင့် မွေးမြူသင့်သည့်လုပ်ငန်းဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)