
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို (၂၇.၁၁.၂၀၂၅) ရက်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ရွှေခြင်္သေ့ရာဘာခြံအတွင်းရှိ တောင်သူဦးညွန့်ဝေ၏ စိုက်ဧက(၁၀)ဧက၌ မြေပြန့်ကော်ဖီ (ရိုဘတ် စတာ) ကော်ဖီမျိုးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာ တောင်သူဦးညွန့်ဝေက စတင် စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ခြောက်သွေ့ကာလတွင် အပင်များရေရှိရန်အတွက် ဆိုလာစနစ်ဖြင့် ရေတင်၍ ရေလှောင်ကန်အတွင်း ရေသိုလှောင်ကာ ရေသိုလှောင်ကန်မှတဆင့် ပိုက်များ သွယ်တန်း၍ အပင်ခြေရင်းအထိအပေါက်ဖောက်ကာ တစ်နေ့၃နာရီမှ ၄နာရီအထိ ရေပေးမှု၊ ရာဘာပင် ပေ ၂၀ ကြားတွင် ၁၀ ပေခြား၍ ကော်ဖီပင်များ သီးညှပ်စိုက်ပျိုးခြင်းဖြစ်ပြီး အစိုဓာတ် ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကော်ဖီ စိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင် ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့ကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)
