
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်ခရိုင်အတွင်း၌ ကော်ဖီ စိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို (၂၄.၁၁.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိ သူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်- မော်တင်ကားလမ်းဘေး (၂၈)မိုင်ရှိ Myanmar Agri-Tech Ltd ၏ သဘာဝတောနှင့် ထပ်မံ စိုက်ပျိုးထားသည့် အပင်များအောင်တွင် စိုက်ပျိုးထားသည့် ရိုဘက်စတာ မြေပြန့် ကော်ဖီပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကော်ဖီပင်အောက်ခြေပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဆွခြင်း၊ ကော်ဖီသီး များ စတင်ခူးဆွတ်အခြောက်ခံခြင်းများကို ကြည့်ရှုအားပေး ခဲ့ရာ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ရိုဘက်စတာ Robusta (TR4/TR9) တစ်ဧကလျင် ကော်ဖီပင်( ၄၃၅)ပင်စီဖြင့် ၃၁၀ ဧက စိုက်ပျိုးထားရှိမှု၊ အပင်သက်တမ်း သုံးနှစ်ကျော်ချိန်မှ စတင်၍ အသီးမှည့် ခူးဆွတ်လာခဲ့ရာ နှစ်စဉ် တိုးတက်လာမှု၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုး၊ မြေဩဇာ၊ ဆေးဝါးသုံးစွဲမှု၊ ရေလိုအပ်မှုနှင့် ပျိုးခြံတွင် ပျိုးထောင်မှုတို့အားရှင်းလင်း တင်ပြခဲ့ပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးတွင် ကော်ဖီသီးနှံများလည်း စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်ပါကြောင်း၊ ဥယျာဉ်ခြံများ၊ နှစ်ရှည်သစ်ေတာစိုက်ခင်းများအတွင်း မြေပြန့် ကော်ဖီ (ရိုဘက်စတာမျိုး) များကို စိုက်ပျိုးဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး ပြည်ပပို့ကုန်များ ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း၊ ကော်ဖီစံပြစိုက်ခင်းများ ထူထောင် လုပ်ကိုင်မည်ဆိုပါက ကော်ဖီစိုက်ပျိုးရေးကိုစိတ်ဝင်စားသည့် လုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူ များကလည်း ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း” မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ် -မော်တင်ကားလမ်းဘေး (၂၂)မိုင်ရှိ Myanmar Agri-Tech Ltd သို့သွားရောက်၍ Robusta ကော်ဖီမျိုးအား မြေပြန့်ချယ်ရီပင်၊ လဲမှို့ပင်စသည့် အရိပ်ရပင်များအောက်တွင် စိုက်ပျိုးထားထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကော်ဖီပင်စိုက်ပျိုးထားရှိမှု၊ ကော်ဖီအသီးမှည့် ခူးဆွတ်ရရှိမှု အခြေအနေများ၊ ကုန်ကြမ်းအဖြစ် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချမှု၊ ပျိုးခင်းများအတွက် မျိုးစေ့များအဖြစ်ရောင်းချပေးမှု၊ ကော်ဖီမှုန့်များထုတ်လုပ်ရောင်းချမှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့် နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးနိုင်ရေး နှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းသည့်နေရာများတွင် တစ်ဆက်က်တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ အရိပ်ရပင်များအောက်တွင် ကော်ဖီပင်အပြင် ငရုတ်ကောင်းပင်များပါ စိုက်ပျိုးနိုင် ရေးတို့ကို မှာကြားခဲ့ကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)
