မိုးအကုန်ဆောင်းအကူး ကာလများတွင် အများဆုံးစိုက်ပျိုးသော ပဲတောင့်ရှည်(ခ)တိုင်ထောင်ပဲများ ယခုအချိန်တွင်လှိုင်လှိုင်ထွက်ရှိလျှက်ရှိပါသည်။ မြို့နယ်များအလိုက် တောင်သူအများစုမှာ အပိုဝင်ငွေများရရှိအောင် သီးညှပ်သီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ စိုက်စရိတ်လည်းသက်သာသောကြောင့် မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး (၂)ရက်ခြား (၃)ရက်ခြား ခူးဆွတ်ရသောကြောင့် မိသားစုဝင်ငွေတိုး၍ အဆင်ပြေလျှက်ရှိပါသည်။ မျိုးအနေဖြင့် အစိမ်းနု၊အစိမ်းရင့်၊ကတ္တီပါအနီရောင် မျိုးများရှိပြီး တောင်သူများ အများဆုံးစိုက်ပျိုးသောမျိုးမှာ အစိမ်းရင့်ရောင် မျှားနီတံဆိပ် မျိုးများသာ အသုံးများကြောင်း၊ မျှားနီမျိုးတစ်ဗူးလျှင်(၁၅၀၀၀/-)ကျပ်ခန့်ပေးဝယ်ရပြီး တိုင်ထောင်ပဲကိုအများအားဖြင့် တစ်တန်းနှင့်တစ်တန်း(၃)ပေခြား၊တစ်ပင်ကို(၉)လက်မခွာ၍ စိုက်ပျိုးကြသလို ငရုတ်ခင်း မဖြတ်သေးဘဲအခင်းထဲ၌ သီးညှပ်အဖြစ်လည်း စိုက်ပျိုးကြပါသည် ။ စိုက်စရိတ်အနေဖြင့် ပဲတောင့်ရှည်(ခ)တိုင်ထောင်ပဲများအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးသောကြောင့် တောင်သူများ အများဆုံးစိုက်ပျိုးသော အစိမ်းရင့်ရောင်း မျှားနီတံဆိပ်မျိုးတစ်ဗူး စိုက်ပျိုးလျှင်(၅၀၀၀၀-၆၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးပြီး အပင်(၂)ပတ်သားတွင် (၇)ပေရှည်သော ဝါးတိုင် (သို့မဟုတ်) ကိုင်းတန်းများကိုအပင်အခြေတွင်တွယ်တက်နိုင်ရန် တိုင်ထောင်ရပြီး ပန်းပွင့်ပြီး(၇-၁၀)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည် ။ စျေးနှုန်းအနေဖြင့် ပဲတောင့်ရှည် ပေါ်ဦးပေါ်စတွင် (၁)ပိဿာလျှင် (၁၂၀၀/-)ကျပ် စျေးနှုန်းရရှိပြီး ယခုအချိန်တွင် ပဲတောင့်ရှည်သီးနှံများ လှိုင်လှိုင်ထွက်ပေါ်လာသော ကြောင့်စျေးနှုန်းကျဆင်းသွားပြီး (၁)ပိဿာလျှင်(၆၀၀/-)ကျပ်ခန့်သာရှိတော့ကြောင်း ၊ အထွက်နှုန်း အနေဖြင့်ပိဿာ(၂၅၀-၃၀၀)အထိထွက်ရှိကြောင်း ၊ စျေးနှုန်းကျသော်လည်း တွက်ချေကိုက်လျှက်ရှိ ကြောင်း ၊ အပင်ကျချိန်ထိ အားဆေးကျွေး၍ ထားရှိပါကလည်း ပဲတောင့်ရှည်သီးနှံသည် အသီးများ ဆက်လက်ထွက်ရှိနေပါသည်။စျေးကွက်အနေဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ဝယ်ယူ၍ တဆင့်ပြန်လည်ရောင်းချကြပါသည်။သီးညှပ်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်စရိတ်လည်း သက်သာ၊အပိုဝင်ငွေလည်းရရှိသော ပဲတောင့်ရှည်သီးနှံကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။
DOCA(မန္တလေး)