
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ဒု-ဦးစီးမှူးသည် ( ၁ - ၁၂ -၂၀၂၅) ရက်နေ့တွင် အုတ်တွင်းမြို့နယ်ရှိ အောင်မင်္ဂလာမုန့်ဟင်းခါးစက်သို့ မုန့်ဟင်းခါးဖက်အစို ပြုလုပ်ပုံအဆင့်ဆင့်နှင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကြာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/မရှိကို ကွင်းဆင်းလေ့လာခဲ့ပါသည်။
မုန့်ဟင်းခါးဖက်အစိုပြုလုပ်ရာတွင် ဗျော့ထွန်းဆန်ကို အသုံးပြုထားပြီး ဆန်ကို (၁)ရက်ခန့် ရေစိမ်၍စက် ဖြင့် (၃ ကြိမ် မှ ၄ ကြိမ်)အထိ ရေစင်အောင် ရေဆေးရပြီး စက်ဖြင့်ကြိတ်ရပါသည်။ ရရှိလာသော မုန့်ရည်များကို အိတ်ထဲထည့်ပြီး မောင်းနင်း၍ အချိန်(၂)ရက်ခန့် ဖိထားရပါသည်။ ရရှိလာသော မုန့်ခဲများကို ရေသန့်နှင့်ထပ်မံ ဖျော်ပြီး လျှပ်စစ်ပေါင်းအိုးထဲသို့ထည့်ပေါင်းရသည်။ ရလာသော မုန့်နှစ်ကို လွန်နဲ့တွန်းထုတ်ပါက မုန့်ဖက်များရ လာပါသည်။ မုန့်ဖက်အနှစ်ကို ရေ၂ ကြိမ်မှ ၃ကြိမ် အထိဆေး၍ စင်ပေါ်တွင်ရေစစ်ထားပြီး ရေခြောက်သွားပါက မုန့်ဖက်များကို လက်လီ/လက်ကားအသင့်ရောင်းချနိုင်ပါသည်။
မုန့်ဟင်းခါးဖက်ပြုလုပ်မှုကို တစ်ရက်လျှင် ပျမ်းမျှဆန် (၂)အိတ်ခန့် ပြုလုပ်ရသည့်အတွက် အနည်းဆုံး လုပ်သား(၃)ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ ဆန် ၂၄ ပြည် ၁ အိတ်လျှင် မုန့်ဟင်းခါးဖက်အစို ပိဿာ ၆၀ ခန့်ရရှိပြီး မုန့်ဟင်းခါးဖက် ၅၀ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၃၀၀၀ ကျပ်၊ ဂျုံဖြင့်ပြုလုပ်ထားသော ခေါက်ဆွဲများကို ၅၀ ကျပ်သားလျှင် ၂၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ မုန့်ဟင်းခါးဖက်သည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာလူမျိုးတို့ စားသုံးကြသော မြန်မာ့ရိုးရာအစားအစာတစ်ခု ဖြစ်သည့်အပြင် စားသုံးသူ များအတွက် ခန္ဓာကိုယ်အား ဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်းသင့်တင့် မျှတစွာဖြင့် အလွယ်တကူဝယ်ယူမှုရရှိနိုင်သောကြောင့် အရောင်းသွက်ကြောင်း အောင်မင်္ဂလာမုန့်ဟင်းခါးစက် ပိုင်ရှင်၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)
