Main menu

အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့မှ လူကြိုက်များရောင်းအားကောင်းသည့် ကောက်ညှင်းပြာရည်ထုပ်

Powered by Drupal

              တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ကားဂိတ်အနီး ရန်ကုန်-မန္တလေးလမ်းဘေး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ကောက်ညှင်းပြာရည်ထုပ်ဆိုင်သည် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ကောက်ညှင်းပြာရည်ထုပ်သည် ကောက်ညှင်းဖြင့်ပြုလုပ်ထားသော်လည်း စေးတွဲတွဲဖြစ်မနေဘဲ စားရတာအရသာရှိလှသော မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်ပါသည်။ ပြာထုပ်ဟုလည်း အလွယ်တကူခေါ်ကြပါသည်။

            ကောက်ညှင်းပြာရည်ထုပ်ပြုလုပ်ရာတွင် ကောက်ညှင်းဆန်ရှယ်စ၊ မုန့်လုပ်ငန်းသုံး‌ဆော်ဒါ၊ ဆား၊ လက်ချားနှင့် မုန့်ထုပ်ရန်အတွက် ဝါးသပွတ်ရွက်များ လိုအပ်ပါသည် ။ ကောက်ညှင်းဆန်တစ်ပြည်ကို ရေနှင့် သုံးလေးကြိမ်ဆေးကြောပြီး နာရီဝက်ခန့် စစ်ထားရပါသည်။ ရေစစ်ပြီးသော ကောက်ညှင်းဆန်များကို လင်ဗန်းကျယ်ထဲထည့်၍ ဆော်ဒါဟင်းခပ်ဇွန်း သုံးဇွန်းမှလေးဇွန်းခန့်၊ လက်ချားမှုန့် သုံးဇွန်းမှလေးဇွန်းခန့်နှင့် ဆားအနည်းငယ်ထည့်၍ သမအောင်မွှေပေးရပါသည်။ ထိုသို့ မွှေပြီးသော ကောက်ညှင်းဆန်များကို သန့်စင်အောင်ဆေးကြောထားသော ဝါးသပွတ်ရွက်အကြီးတစ်ရွက် အသေးတစ်ရွက်ထပ်၍ သုံးထောင့်ပုံရအောင် ထုပ်ရပါသည်။ ထုပ်သည့်အခါတွင် အထုပ်တိုင်း ဝါးသပွတ်ရွက်တစ်ရွက်စီကို အရှည်လိုက် အစနည်းနည်းထွက်ပေးရပါသည်။ သို့မှသာ ၅ ထုပ်တစ်တွဲ၊ ၁၀ ထုပ်တစ်တွဲ စသည်ဖြင့် အစများကိုစုချည်ကာ အိုးထဲတွင် တစ်ညတာပြုတ်ပြီးလျှင် အသင့်စားသုံးနိုင်သော ကောက်ညှင်းပြာထုပ်ကို ရရှိပါသည်။

              ကောက်ညှင်းဆန်တစ်ပြည်လျှင် ပြာရည်ထုပ် အထုပ် ၁၀၀ ရရှိကြောင်း၊ တစ်ရက်လျှင် ကောက်ညှင်းဆန် ၅ ပြည်မှ ၈ ပြည့်ခန့်အထိကုန်ကြောင်း၊ ကောက်ညှင်းဆန်ဈေးနှုန်းမှာ တစ်ပြည်လျှင် ၃၅၀၀ ကျပ်ရှိကြောင်း၊ ပြည်ရည်ထုပ်တစ်ထုပ်ကို ၁၀၀ ကျပ်ရောင်းချကြောင်း သိရှိရပါသည်။ ပြာရည်ထုပ်များကို ဆိုင်တွင်ရောင်းချပြီး ကျွဲပွဲမြို့တွင်းနှင့်ခရီးသွားပြည်သူများက ဝယ်ယူကြကြောင်း၊ အဝေးရောက် ကျွဲပွဲသားများလည်း ကျွဲပွဲမြို့သို့ ပြန်ရောက်လျှင် လက်ဆောင်ဝယ်သွားကြသလို ကျွဲပွဲမြို့သားများကလည်း အဝေးရောက်ဆွေမျိုးမိတ်ဆွေများထံ လက်ဆောင်ပေးရန် ဝယ်ယူကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)