
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စပါးကို အဓိကစိုက်ပျိုးကြပါသည်။ ရာသီ၊ မြေနေရာ လိုက်ပြီး သက်ရင့် သက်နုစသည်ဖြင့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးကြပါသည်။ ဧရာဝတီတိုင်းဒေသကြီး သည် ဇူလိုင်လ နောက်ဆုံးပတ်မှ ထွန်တုံးပိတ် ၁၀၀ ရာခိုင်နှုန်း မိုးစပါးစိုက်ပျိုးပြီးစီးသော ဒေသဖြစ်ပြီး မိုး စပါးဧက သုံးဆယ့်ခုနှစ်သိန်းကျော် စိုက်ပျိုးသော ဒေသဖြစ်ခါ အောက်တိုဘာ၊ နိုဝင်ဘာ တွင် စပါးများထွက်ရှိပြီး စတင်ရောင်းဝယ်ကြပါသည်။
စပါးရောင်းဝယ်ရာတွင် ဒေသအလိုက် စပါးပွဲစားများကို အများစု မှီခိုရောင်းဝယ်ကြရပါသည်။ တောင်သူများအနေဖြင့် စက်ပိုင်လုပ်ငန်းရှင်ထံ တိုက်ရိုက်ရောင်ဝယ်ပါက အကျိုးအမြတ်ပိုရမည်ဖြစ် သော်လည်း လုပ်သား၊ငွေကြေး၊ သယ်ယူပို့ဆောင်ရေးစသည့် အခက်အခဲများကြောင့် မိမိတို့ကွင်း၊ မိမိတို့အိမ်သို့ တိုက်ရိုက်လာရောက်ဝယ်ယူကြသောစပါးပွဲစားများကိုသာ အားကိုးရောင်းချကြရပါသည်။
စပါးပွဲစားများတွင်လည်း ရွာခံစပါးပွဲစားများနှင့် အခြားမှ လာရောက်ဝယ်ယူသော စပါးပွဲစား ဟူ၍ ရှိကြပြီး မြို့ပေါက်ဈေးနှင့်တွက်ချက်ပြီး ဝယ်ယူကြပါသည်။ Digital ကတ္တားများကို အသုံးပြု၍ ဒေသအလိုက် စပါးအရည်အသွေးပေါ်မူတည်ပြီး တစ်တင်း ၄၆ ပေါင်၊ ပေါင် ၅၀ စသည်ဖြင့် ဝယ်ယူ ကြပါသည်။
ယခုအခါတောင်သူအများစုက စပါးစိုက်ပျိုးရာမှာ ကရိကထနည်းလာပြီး ကန်သင်းဘေး စပါးချိန် ရောင်းသည့် အခြေအနေကို ရောက်ရှိလာကာ နေလှန်းခြင်း၊ သိုလှောင်ခြင်းအဆင့်များကို မလုပ်တော့ ကြောင်း အင်္ဂပူမြိုု့နယ် ကွင်းကောက်အုပ်စုမှ စပါးပွဲစားတစ်ဦးမှ ပြောကြားခဲ့ပါသည်။ တောင်သူအများစု သည် ရိတ်ခြွေစက်ဖြင့် ခြွေပြီးသားစပါးများကိုသယ်ယူနေလှန်းခြင်း မပြုပဲ ဝယ်သူပွဲစားထံကန်သင်း ဘေးတွင် တိုက်ရိုက်ရောင်းချသည့်အတွက် အလုပ်သမားခ၊ ချိန်တွယ်ခ၊ သယ်ယူစရိတ်စသည်တို့ကို နှုတ်ပြီးမှ စပါးတန်ဘိုးပေးချေသည့်အတွက် စပါးဈေးသည် ဆယ်သိန်းအောက် ကျဆင်းသည့်အခြေ အနေသို့ ရောက်ခဲ့ကြောင်းကိုလည်း ရှင်းပြပါသည်။ “ကျွန်တော်တို့ဆို ရိတ်ခြွေစက်တောင် ရှာပေး ရတယ်။ ကိုယ့်လုပ်သား၊ ကိုယ့်ဂွန်ဒေါင်း၊ ကိုယ့်ပီနန်အိတ်၊ ကိုယ့် ကတ္တားများကို အသုံးပြု ချင်တွယ်ယူ ရကြောင်း၊ အစို ဓာတ်ရာခိုင်နှုန်းကလည်း ၂၅ မှ ၃၀ တွင်းရှိတော့ ကိုယ့်အတွက် ကိုက်အောင် ဈေးကို ပေးရတာပေါ့ဟု” ၎င်းကဆက်လက်ရှင်းပြပါသည်။ တစ်ချို့လယ်သမားတွေကျတော့ ဈေးကို လျှော့ပေး လို့ မရဘူး၊ ဈေးပိုပေးရတဲ့ တောင်သူတွေလည်း ရှိပါတယ်။ သူတို့ကျတော့ စိုက်ဖို့ မျိုးကတည်းက သေချာရွေးတယ်၊ မြေဩဇာ စနစ်တကျသုံးတယ်၊ အခု ကြဲခင်းစနစ်မှာ ပေါင်းသေချာလိုက်တယ်၊ အကြောင်းအမျိုးမျိုးကြောင့် အပင်သေရင်လည်း ချက်ချင်းအစားထိုးစိုက်ဖို့လုပ်တယ်၊ ရိတ်ချိန်ကျရင် လည်း စနစ်တကျ ရိတ်သိမ်း၊ နေလှန်း၊သိုလှောင်ပြီးမှ ရောင်းတဲ့လူကျတော့ ဈေးကိုပိုပေးရတယ်၊ ဘယ်တော့ရောင်းမလဲ ခဏ ခဏ သွားမေးရတယ်၊ သူတို့ကငွေလိုရင်လည်း လိုသလောက်ပဲရောင်းတာ၊ ကိုယ်တွေကလည်း အဲဒီလို လုပ်ထားတဲ့ စပါးကျတော့ ဆန်ကြိတ်ရောင်းရင် ကိုယ့်အတွက်ကျန်မှာလေ၊ အဲ့ဒီတော့ကိုယ့်ကိုရောင်းချင်အောင်စရိတ်သိမ်းကတည်းကခဏခဏ မျက်နှာသွားပြထားရတယ်၊ဈေးကို လည်းသူတို့မေးရင် ရောင်းချင်အောင် သူများဈေးထက် ပိုပြောရတယ်ဟု ပြောကြားပါတယ်။ အစို ဓာတ် ၂၀ - ၂၃ ကြားရှိ အရည်အသွေးကောင်း ဆင်းသုခစပါး ပေါင်(၅၀) တင်း(၁၀၀)လျှင် တစ်ဆယ့် သုံးသိန်းကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။တောင်သူများအနေဖြင့် မိမိစိုက်ပျိုးထုတ်လုပ်သော စပါးဈေးကောင်းရ တွက်ချေကိုက်စေရန် အတွက် မြေပြုပြင်ခြင်း၊ မျိုးရွေးချယ်စိုက်ပျိုးခြင်း၊ ထိရောက်သော မြေဩဇာထည့်ခြင်း၊ စနစ်တကျ ပေါင်းနှိမ်ခြင်းတို့ကို ဆောင်ရွက်မှသာ အရည်အသွေးမြင့် စပါးများထွက်ရှိပြီး စီးပွားရေးတွက်ခြေကိုက် မှာ ဖြစ်ပါတယ်။ ယခုလို ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးမှုများလာသည့် ကာလတွင် မိမိကြဲထားသော ပျိုးစေ့ များ အပင်ပေါက်နှုန်းကောင်းမွန်ရေး၊ မပေါက်ပါက အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင် ထား နိုင်ရေး တို့ကို ရာသီအမှီ လုပ်ကိုင်နိုင်မှ ထွက်နှုန်းကောင်းမှာ ဖြစ်ပါတယ်။
စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စပါးအထွက်နှုန်းကို အကျိုးပြုသည့် အခြေခံအင်္ဂါရပ်များကို အချိုး ညီညီ ဟန်ချက်မပျက် တိုးတက်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး ထွက်ရှိလာသည့် စပါးများကိုလည်း ရိတ်သိမ်းပြီးချိန်မှ စ၍ ဆန်မကြိတ်ခွဲမီအတွင်း လေလွင့်ပျက်စီးဆုံးရှုံးမှာကို ဖြစ်ပေါ် စေနိုင်သော အကြောင်းရပ်များကို ရှောင်ကြဉ်ပြီး စပါးအရည်အသွေးကို အစဉ်တစိုက် ထိန်းသိမ်းသွား နိုင် ရန်လည်း အရေးကြီးပါသည်။ ကျွန်တော်တို့သည် စပါးကို ဆန်အဖြစ် ကြိတ်ခွဲစားသုံးကြခြင်းဖြစ်ရာ ဆန် ကြိတ်ထွက်နှုန်းကောင်းမွန်ရန် စပါးအရည်အသွေး ကောင်းမွန်ဖို့ လိုအပ်ပါသည်။
ထို့ပြင် တောင်သူများအနေဖြင့် စပါးပေါ်လျှင် ပေါ်ချင်း ထုတ်ရောင်းခြင်းကို လျော့ချရန်လည်းလို အပ်ပါတယ်။ ငွေကြေးလိုအပ်မှုအတွက် စပါးပေါ်လျှင် ပေါ်ချင်းထုတ်ရောင်းပါက ရောင်းလိုအားများပြီး အဝယ်သမားများတွင် ငွေမလည်၍ စပါးအဝယ်မသွက်သည့်အတွက် ဈေးလျော့နည်းစေခြင်းကို ဖြစ်စေ ပါသည်။ ထို့ကြောင်းတောင်သူများအနေနှင့်ထွက်ရှိသည့်စပါးအကုန်မရောင်းပဲနိုင်သလောက် သိုလှောင် ရောင်းချခြင်းမှာလည်း စပါးကောင်းရစေသော အချက်တစ်ချက်လည်း ဖြစ်ပါသည်။
တောင်သူများအနေဖြင့် စပါးသိုလှောင်ရာတွင် အရေအတွက်နှင့် အရည်အသွေး လေလွင့်ပျက်စီး ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းစေရန်အတွက် အကုန်အကျ သက်သာသော သိပ္ပံနည်းကျ ရိုးရာ သိုလှောင်မှု နည်းစနစ်များကို လိုက်နာကျင့်သုံးဆောင်ရွက်ဖို့ လိုပါသည်။ ၎င်းတို့မှာ -
၁။ သတ်မှတ်ထားသည့် အစိုဓာတ်ရောက်သည်အထိ ခြောက်သွေ့စေပြီးမှ သိုလှောင်စေခြင်း။
၂။ သီးနှံနှင့်ရောနှောနေသည့်ဖုံ၊သဲ၊ခဲ၊အဖျင်းအမှော် စသည်တို့ကို သန့်စင်စေပြီးမှသိုလှောင်ခြင်း။
၃။ သိုလှောင်ခြင်းမပြုမီနှင့်သိုလှောင်ထားသည့် ကာလအတွင်း ပိုးမွှား၊ ကြွက်၊ ငှက် စသည်တို့၏
စားသောက် ဖျက်ဆီးမှုကို ကာကွယ်ခြင်း။
၄။ ခြောက်သွေ့၍ အလုံပိတ်နိုင်သော ကျီ၊ ပုတ် များအတွင်း ထည့်သွင်း၍ အပူချိန်နည်းသည့် နေ
ရာတွင် သိုလှောင်ခြင်း။
၅။ သိုလှောင်ထားမည့်နေရာနှင့် ပတ်ဝန်းကျင်တစ်ဝိုက် အမြဲသန့်ရှင်းအောင် ထားခြင်းတို့ ဖြစ်ပါ
သည်။
မြန်မာနိုင်ငံသည် ဆန်ကို အဓိက စားသုံးသောနိုင်ငံ ဖြစ်ရုံသာမက ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချပြီး နိုင်ငံခြားဝင်ငွေ ရှာပေးနိုင်သည့်အတွက် ဆန်စပါးသည် မြန်မာနိုင်ငံ အဖို့ အထူးအရေးကြီးသော ကောက်ပဲသီးနှံတစ်ခုဖြစ်ပါသည်။ စပါးမှ ဆန်ကြိတ်ခွဲရာတွင် ဆန်ကြိတ် ထွက်နှုန်း ကောင်းမွန်ရေး၊ အရည်အသွေးကောင်းမွန်ရေးတို့သည် များစွာ အရေးကြီးပါသည်။ စပါးကိုစက်ကိရိယာ အသုံးပြုပြီး ကြိတ်ခွဲထုတ်လုပ်ရာတွင် စက်၏ အခြေခံ စွမ်းဆောင်ရည် ကောင်းမွန်ရန် လို အပ်သကဲ့သို့ စပါး၏ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ပါသည်။
တောင်သူတို့ နေပူမရှောင်၊ မိုးရွာမရှောင် အပတ်တကုတ် ကြိုးစားစိုက်ပျိုး ထုတ်လုပ်ခဲ့သည့် စားသုံးသီးနှံများ အရည်အသွေးမကောင်းပါက ဈေးကောင်းရမည်မဟုတ်ပါ။ မိမိတို့၏ စိုက်ပျိုးထုတ် လုပ်မှုမှ ထွက်ရှိလာသည့် သီးနှံများ အရည်အသွေးပြည့်မီမှသာ အရည်အသွေးမီ စားဆန်များ ထုတ် လုပ်နိုင်မှာဖြစ်ပြီး ထုတ်လုပ်မှု ကွင်းဆက်တလျောက်ရှိ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ စားသုံးသူများ အားလုံးအကျိုးရှိမှာဖြစ်ပြီး တိုင်းပြည်ဝင်ငွေလည်း တိုးတက်စေမှာဖြစ်ကြောင်း တိုက်တွန်းတင်ပြ အပ်ပါသည်။
DOCA(ဧရာဝတီ)
