Main menu

တောင်ငူခရိုင် ဖြူးမြို့မှ ကြက်ဥမုန့်

Powered by Drupal

             တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက် ၂ လမ်းတွင်  ထုတ်လုပ်သောကြက်ဥမုန့်သည် ဒေသတွင်း လူကြိုက်များသည့်မုန့်တစ်မျိုးဖြစ်ပါသည်။ ကြက်ဥမုန့်ပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းများမှာ ကြက်ဥ၊ သကြား၊ ဂျုံ၊ ဆီ၊ ဆားနှင့် Baking Powder (ပွဆေး)တို့ဖြစ်ပါသည်။

            ကြက်ဥမုန့်ပြုလုပ်ပုံမှာ ကြက်ဥနှင့်သကြားကို ဦးစွာပထမ သမအောင်ရော၍ စက်နှင့်မွှေရပါသည်။ မွှေနေချိန်တွင် ရေနည်းနည်းစီထည့်ရပါသည်။ မိနစ် (၂၀) ခန့်မွှေပြီးလျှင် ဂျုံကိုဇကာချ Baking Powder (ပွဆေး)ထည့်ရပါသည်။ ထို့နောက် ဇလုံတစ်ခုထဲတွင် မွှေပြီးသားကြက်ဥအနှစ်နှင့် ဂျုံကိုရောသမမွှေကာ ပုံစံခွက်ထဲထည့်၍ ဆီစွတ်ထားသောသံပြားနှင့် အပေါင်းပုံစံလေးများဖြတ်ကာ ဖိုတွင်ထည့်ပေါင်းပြီးလျှင် ရောင်းတမ်းဝင်ကြက်ဥမုန့်များရရှိပြီးဖြစ်ပါသည်။ ရရှိလာသောကြက်ဥမုန့်များကို ပါကင်ပိတ်ပြီးလျှင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ၆ လုံးတစ်ထုပ်ပါ ကြက်ဥမုန့် ၁ ထုပ်လျှင် (၄၅၀) ကျပ် ဖောက်သည်ဈေးပေးရပါသည်။ မုန့်ဖိုအနေဖြင့် လုပ်သား (၄) ဦးခန့်သုံးကြောင်း သိရှိရပါသည်။ လုပ်သားခအနေဖြင့် လုပ်သားတစ်ဦးလျှင် တစ်နေ့လုပ်အားခ ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ပေးချေရကြောင်း သိရှိရပါသည်။ ‌ဈေးကွက်အနေဖြင့်  ဒေသတွင်းမြို့များဖြစ်သော ဖြူး၊ ဇေယျဝတီ၊ ညောင်ပင်သာ၊ ကညွတ်ကွင်းနှင့် ကျောက်တံခါးမြို့များအထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)