Main menu

မိတ္ထီလာမြို့နယ်တွင် ဒေသထွက်တန်ဖိုးမြှင့်ထုတ်ကုန် ကြက်သွန်နီကြော်လုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်လာ

Powered by Drupal

       မိတ္ထီလာမြို့နယ် လယ်ယာထွက်ကုန်သီးနှံများမှ စာဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ ကိုအဓိကစိုက်ပျိုးကြပါသည်။ ကြက်သွန်နီသည် နေ့စဉ်စားသုံးနေသောဟင်းလျာများတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် မပါမဖြစ်အသုံးပြုကြပါသည်။ ယခုအခါ အိမ်ရှင်မများအတွက် ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်ခြင်း၊ ဟင်းသီးဟင်းရွက်အသုတ်များတွင် အလွယ်တကူအရန်သင့်အသုံးပြုနိုင်ရန် ဒေသတွင်းထွက်ရှိသည့် ကြက်သွန်နီကို တန်ဖိုးမြှင့်ထုတ်ကုန် ကြက်သွန်နီကြော်ထုတ်လုပ်ပြီး  ပြည်တွင်းဈေးကွက်ထိုးဖောက်နိုင်သဖြင့် ကြက်သွန်နီကြော်လုပ်ငန်းများအား တွင်ကျယ်စွာလုပ်ကိုင်လာ ကြပါသည်။

          မိတ္ထီလာမြို့နယ်တွင် ‌ဒေသတွင်းထွက်ရှိသောကုန်ကြမ်းကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန် ကြက်သွန်နီကြော်လုပ်ငန်း လုပ်ကိုင်သည့်လုပ်ငန်းရှင်(၁၅)ဦးရှိပြီး ကုန်ကြမ်း ပိဿာ (၁၀၀၀) ကြော် လျှင် ကုန်ချော (၃၃၀)ပိဿာထွက်ရှိကြောင်း၊ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ(၂၄၅၀ )တန်ခန့်ထုတ်လုပ်နိုင်ကြောင်း၊  ဈေးနှုန်းအနေဖြင့် ကြက်သွန်နီကုန်ကြမ်းတစ်ပိဿာလျှင် (၈၀၀-၁၁၀၀)ကျပ်ဝယ်ယူရကြောင်း၊ ကြက်သွန်နီကြော် လက်လီတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၈၀၀၀-၁၀၀၀၀) ကျပ် ဈေးဖြင့်ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။

        မိတ္ထီလာမြို့နယ်၌ ကြက်သွန်နီကို မိုး/ဆောင်း (၂)ရာသီစိုက်ပျိုးထွက်ရှိသဖြင့်   ဒေသစားသုံးမှု ထက်ပိုလျှံမှုရှိ၍ ကြက်သွန်နီကုန်ကြမ်းကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်အထိတင်ပို့ ရောင်းချကြပြီး ကြက်သွန်နီကုန်ချောများကို ရန်ကုန်သို့ အများဆုံးတင်ပို့ပြီး မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မော်လမြိုင်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်၊ တောင်ကြီး၊ ရပ်စောက်၊ တာချီလိတ်မြို့များသို့လည်း တင်ပို့ရောင်းချကြပါသည်။

         ကြက်သွန်နီသည် ပြည်ပဝယ်လိုအားရှိသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သလို ပြည်တွင်း၌လည်း ဒေသထွက်ကုန်များကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သော လုပ်ငန်းများအတွက် အကျိုးပြုသောသီးနှံဖြစ်ကြောင်း၊ ကြက်သွန်ကြော်လုပ်ငန်းများသည် ဒေသထွက် ကုန်များကိုအခြေခံသည့် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်သောလုပ်ငန်းဖြစ်၍ ဒေသတွင်းရှိပြည်သူများ အလုပ်အကိုင်အခွင့်လမ်းစွာ ဖန်တီးပေးနိုင်သည့် အသေးစား၊ အလတ်စား MSME လုပ်ငန်းများဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)