
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင်သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ အပိုဝင်ငွေရရှိရန်အတွက် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံအနေဖြင့် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိူးကာ မြေအကျယ်အဝန်း ပေ ၄၀ ပတ်လည်တွင် အပင်အရေအတွက် ၅၀၀၀ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဂန္ဓမာပန်းအဝါကို ဩဂုတ်လတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄လအကြာ နိုဝင်ဘာလ ပထမပတ်တွင် စတင်ခူးဆွတ်၍ ရောင်းချနေပြီဖြစ်ကြောင်း၊ မျိုးအနေဖြင့် ဂန္ဓမာပန်းအဝါ မျိုးကို ရှမ်းပြည်နယ်(တောင်ကြီး)ဒေသမှ ဝယ်ယူစိုက်ပျိုးခြင်းနှင့် ပျိုးခင်းတွင် (၁၅)ရက်ကြာ ပျိုးထောင် ကာ ကြီးထွားမှုအပေါ်မူတည်၍ မြောင်းအတွင်း တစ်ပင်နှင့်တစ်ပင်ကြား (၆)လက်မ အကွာအဝေးခြား၍ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ စိုက်ပျိုးပြီး ပန်းပင်များကို ၅ရက်-၇ရက်ခြား တစ်ကြိမ် ပိုးသတ် ဆေး ဖြန်းပေးရပြီး ဂန္ဓမာပန်း စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေဘောင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေတင်သွင်းခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၁၂ သိန်းဝန်းကျင်ခန့် ကုန်ကျ ကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ပန်း(၁)ခိုင်လျှင် ၆၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ ပန်းစပွင့် သည်မှ ၇ ရက်ခြား တစ်ကြိမ်ခူးဆွတ်နိုင်ကြောင်း ယခုနှစ်တွင် ပန်းများ ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်(၁၅)သိန်းဝန်းကျင်ခန့် ရရှိပါသည်။ ဒေသထွက် ဂန္ဓမာပန်းအဝါများကို ဒေသတွင်း ရောင်းဝယ်မှု၊ ပန်းအဝယ်ဒိုင်များ၊အခြားမြို့နယ်များမှလည်း စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ထို့မှတစ်ဆင့် ပန်းဈေးကွက်များသို့ ပြန်လည်၍ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
