ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးများဈေးကောင်းရရှိကာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ယခုလိုဆောင်းရာသီတွင် ခရမ်းချဉ်သီးများထွက်ပေါ်လာပြီဖြစ်၍ ပေါ်ခါစတွင် ဈေးကောင်းရသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့နယ်အတွင်းရှိကျေးရွာတော်တော်များများတွင် ခရမ်းချဉ်ကို စိုက်ပျိုးကြသလို ရွှေတောင်မြို့ရှိကျွန်းများတွင်လည်း စိုက်ပျိုးကြပါသည်။ စိုက်ဧကအနေဖြင့် ဧကပြတ်စိုက်ပျိုးခြင်းမရှိဘဲ သီးညှပ်အဖြစ်သာ စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးများမှာ ရှမ်းပြည်ဘက်မှလာသော ရှမ်းသီးနှင့်ဒေသတွင်းစိုက်ပျိုးသော ကိုင်းသီးဟူ၍ (၂) မျိုးရှိပါသည်။ ခရမ်းချဉ်သီးဈေးမှာ ရှမ်းသီးတစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ ကိုင်းခရမ်းချဉ်သီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကိုင်းခရမ်းချဉ်သီးမှာ အခွံပါးပြီး နှုးညံ့တဲ့အတွက် စားသုံးသူများအကြိုက်တွေ့၍ ရှမ်းသီးထက်စာလျှင် ဈေးများမြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ခရိုင်အတွင်း မြို့နယ်မှခရမ်းချဉ်သီးများကို ခြင်းများဖြင့် လာရောက်ရောင်းချပြီး ပြည်ဈေးကွက်မှတစ်ဆင့် တိုင်းအတွင်းမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)