
ဖိလစ်ပိုင်အစိုးရသည် ရိတ်သိမ်းချိန်ကာလအတွင်း ပြည်တွင်းလယ်သမားများကို ကာကွယ် သည့်အနေဖြင့် ဆန်ယာယီတင်သွင်းခွင့် ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့မှ စတင်၍ ဆန်တင်သွင်းမှုအပေါ် အခွန် ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့် ကောက်ခံရန် ပြင်ဆင်ထားကြောင်းသိရှိရသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလမှစတင်၍ သာမန်စက်ကြိတ်အဆင့်ဆန်နှင့် ကောင်းမွန်စွာ ကြိတ်ခွဲမှု အဆင့်ရှိသည့်ဆန်များ တင်သွင်းခြင်းကို ယာယီရပ်တန့်ရန် အစိုးရက ဆုံးဖြတ်ခဲ့ပြီး နောက် ၂၀၂၆ ခုနှစ်တွင်ပြန်လည်၍ ဆန်တင်သွင်းမှုကို ခွင့်ပြုသည့်အနေဖြင့် အကောက်ခွန် အသစ် စည်းကြပ်ခြင်းကိုဆောင်ရွက်ရန် ဖိလစ်ပိုင်စိုက်ပျိုးရေး ဦးစီးဌာနက ကြေညာခဲ့ခြင်းဖြစ် ကြောင်း မြို့တော်မနီလာရှိ စီးပွားရေးရာရုံးမှသိရှိရသည်။
အကောက်ခွန် တိုးမြှင့်စည်းကြပ်ခြင်းသည် ပီဆိုတန်ဖိုးကျဆင်းခြင်း၊ ဖိလစ်ပိုင်အနေဖြင့် ဆန်တင်သွင်းမှုဈေးကွက်သို့ တစ်ကျော့ပြန်လည်ဝင်ရောက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာနိုင်ခြေရှိခြင်း စသည်တို့အပါအဝင် အဓိကအကြောင်းအရာများအပေါ် သက်ရောက်မှု ရှိစေကြောင်း စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr ကပြောကြားထားပါသည်။
တင်သွင်းသူများ၏ ငွေကြေးဆိုင်ရာဖိအားများ ဖြေလျော့ပေးသည့်အနေဖြင့် ဦးစီးဌာနသည် အပင်ပိုးမွှားကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိသည့် ကုမ္ပဏီများအား ၁၀ ရာခိုင်နှုန်း ကြိုတင်ငွေ ပေးသွင်းရခြင်းကို ဖယ်ရှားပေးခဲ့ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဗျူရိုသည် သွင်းကုန် စုစုပေါင်း ဆန်တန်ချိန် ၅၀၀၀၀၀ အတွက် အပင်ပိုးမွှားကင်းရှင်းကြောင်း အသိအမှတ်ပြု လက်မှတ် လျှောက်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။
ပြည်တွင်းမှဆန်တင်သွင်းသူများသည် အရင်းအမြစ်များအား ခွဲခြမ်းစိတ်ဖြာရန်၊ ဗီယက်နမ် အပြင် အခြားတင်သွင်းသည့် နိုင်ငံများကို စဉ်းစားရန်၊ ကမ္ဘောဒီးယား၊ မြန်မာကဲ့သို့သော ဆန်တင် သွင်းသည့် နိုင်ငံများအား ရှာဖွေရန် စိုက်ပျိုးရေးအတွင်းဝန်က တိုက်တွန်းထားကြောင်းသိရသည်။ တောင်သူများ၏ ဝင်ငွေကိုကာကွယ်ရန်နှင့် ခြောက်သွေ့ရာသီအစတွင် ဆန်ထုတ်လုပ်သည့် နေရာ များ၌ သင့်လျော်သည့် အနေအထားဖြင့် ဆန်ဈေးနှုန်းများဆက်လက်တည်ရှိရန်အတွက် တင်သွင်း သည့် ဆန်အားလုံး ကို ဖေဖော်ဝါရီလဆန်းတွင် ဆိပ်ကမ်းအရောက် ရောက်ရှိရန် ပြောကြားထား ပါသည်။
ဇန်နဝါရီလမှ ဖေဖော်ဝါရီအတွင်း တစ်နိုင်ငံလုံးရှိ ဆိပ်ကမ်း ၁၇ ခု ဖြစ်သည့် Manila, Batangas, Tacloban, Bacolod, Iligan, Cagayan de Oro, Davao, Zamboanga, Cebu, Iloilo, Capiz, Tagbilaran, Dumaguete, Subic, Calbayog, General Santos and Tabaco တို့မှသာ ဆန်တင်သွင်းရန် ကန့်သတ်ထားမည်ဖြစ်ကြောင်းသိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဆန်သည် အခြေခံအစားအစာဖြစ်ရုံသာမက အဓိကဝင်ငွေရသီးနှံတစ်ခု ဖြစ်ပြီး လယ်ယာထွက်ကုန် စုစုပေါင်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း ရှိကြောင်း၊ ဖိလစ်ပိုင်သည် ပြည်တွင်းစားသုံးရန်အတွက် ဆန်စပါးစိုက်ပျိုးနိုင်သော်လည်း လိုအပ်ချက်ပြည့်မီသည့်အထိ ထုတ် လုပ်နိုင်ခြင်းမရှိသေးကြောင်း၊ စားနပ်ရိက္ခာဖူလုံစေရေးအတွက် ဆန်အလုံအလောက်ထုတ်လုပ်ရန် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရသေးကြောင်း သိရှိရသည်။
စိုက်ပျိုးမြေဧရိယာနည်းပါးခြင်း၊ သဘာဝဘေးအန္တရာယ်ကို မကြာခဏရင်ဆိုင်ရခြင်း၊ စိုက်ပျိုး စရိတ်ကြီးမားခြင်း၊ သုတေသနလုပ်ငန်းများအားနည်းခြင်း၊ အသက်အရွယ်ကြီးရင့်သည့် တောင်သူများနှင့် လုပ်သားအင်အားလျော့နည်းခြင်းစသည့် အကြပ်အတည်းများရှိနေသော်လည်း သမ္မတ Ferdinand Marcos Jr အစိုးရအနေဖြင့် နိုင်ငံ၏ ဆန်လိုအပ်ချက်ကို ၁၀၀ ရာခိုင်နှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးစီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ဖိလစ်ပိုင်သည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၄.၇၇ သန်းတင်သွင်းခဲ့ပြီး ယခင်နှစ်များထက် ၃၂.၁၀ ရာခိုင်နှုန်း တိုးမြှင့်တင်သွင်းခဲ့ကြောင်းသိရှိရသည်။ ဗီယက်နမ်သည် ထိပ်တန်းတင်ပို့သူ ဖြစ်ပြီး တန်ချိန် ၃.၅၅ သန်း (၇၄.၄၂ ရာခိုင်နှုန်း) ရှိပြီး၊ ထိုင်းနိုင်ငံသည် တန်ချိန် ၆၄၂၀၀၀ (၁၃.၄၆ ရာခိုင်နှုန်း) နှင့် ပါကစ္စတန်နိုင်ငံသည် တန်ချိန် ၃၀၉၀၀၀ (၆.၄၉ ရာခိုင်နှုန်း) တင်ပို့ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဆန်တန်ချိန် ၃.၃၈ သန်းတင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူတင်သွင်းခဲ့သည့် တန်ချိန် ၃.၂၈ သန်းထက် ၂.၈၉ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံသည် တန်ချိန် ၂.၈၈ သန်း (၈၅.၃၉ ရာခိုင်နှုန်း) ၊ ထိုင်းနိုင်ငံသည် တန်ချိန် ၁၉၈၀၀၀ (၅.၈၇ ရာခိုင်နှုန်း)နှင့် မြန်မာနိုင်ငံသည် တန်ချိန် ၁၂၁၀၀၀ (၃.၅၈ ရာခိုင်နှုန်း) အသီးသီး တင်ပို့ထားကြောင်းသိရှိရသည်။
Source : The Nation Thailand, January 01, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
