မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးမှုဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် နေကြာစိုက်ဧက(၄၉၁၁)ဧက စိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်တွင် ရိတ်သိမ်းဧက(၃၉၀၉)ဧကရိတ်သိမ်းပြီးစီးကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ နေကြာသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး (၁/၂)နေကြာမျိုးများအား အဓိကစိုက်ပျိုးကြပါသည် ။ ၄င်းမျိုးအားစိုက်ပျိုးရာတွင် အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်တွင်ရှိပြီး တစ်ဧကလျှင် မျိုးစေ့(၃)ပြီခန့်ကုန်ကြောင်း၊ သတ်မှတ်အပင်(၂၉၀၀၀) ဝင်ဆံ့ရန်အတွက် တန်းခြား(၂)ပေခြားနှင့် (၉)လက်မတစ်ကျင်း မျိုးစေ့(၂)စေ့ချစိုက်ပျိုးပါက အပင်ပေါက်သေချာနိုင်ကြောင်း ၊ တောင်သူအများစုမှာ ထွန်ယက်၍ ပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပါသည်။ နေကြာတစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၂၇၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး တစ်ဧက အထွက်နှုန်းမှာ (၃၁-၃၂)တင်းအထိထွက်ရှိပြီး နေကြာစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာတစ်တင်းလျှင် (၁၈၀၀၀/-)ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၉၀၀၀/-) ကျပ်ခန့်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်း လျှင်(၄၃၀၀၀/-)ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၃၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက် ကြောင်း၊တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၆၃၀၀၀/)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်းသိရှိရပါသည်။ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်လည်းသက်သာ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှုရရှိသဖြင့် တောင်သူများ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)