
ယနေ့ မျက်မှောက်ကာလသည် IT ခေတ် ဖြစ်သဖြင့် စားသုံးသူများအနေဖြင့် မိမိ လိုအပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို ကိုယ်တိုင်သွားရောက်ဝယ်ယူရန်မလိုအပ်တော့ဘဲ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဝယ်ယူနိုင်ကြပြီဖြစ်ရာ လွယ်ကူမြန်ဆန်အဆင်ပြေသည့် အကျိုးကျေးဇူး များစွာ ရှိသကဲ့သို့ မလုံခြုံသည့် လိမ်လည်ခံရမှုများနှင့်လည်း ပြည့်နှက်လျက်ရှိနေပါသည်။
စားသုံးသူပြည်သူများ အနေဖြင့် Online မှ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူ အသုံးပြု ရာတွင်ကြိုတင်ငွေပေးချေပြီးနောက်ပစ္စည်းလက်ခံရရှိမှုမရှိခြင်း၊ကြော်ငြာသည့်ကုန်စည်နှင့် ရောက်ရှိ လာသည့် ကုန်စည်အရည်အသွေးကွဲလွဲခြင်း၊ မြေပြင်တွင်အမှန်တစ်ကယ် လုပ်ငန်းဆောင်ရွက်မှု မရှိခြင်း ၊ တာဝန်ယူ/တာဝန်ခံမှု နှင့် အာမခံချက်များ မရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရ သကဲ့သို့ မှန်ကန်စွာဆောင်ရွက်သည့်လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူများ၏ သံသယ နှင့် မယုံကြည်မှုများကို ခံစားနေကြရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိပြီး စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရန်ဟူသော အချက်သည် စားသုံးသူအခွင့်အရေး(၈) ချက်တွင် တစ်ချက်အပါအဝင်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း Online Sale မှတ်ပုံတင် ထားသည့် လုပ်ငန်းများသည် မြေပြင်တွင် အမှန်တစ်ကယ်ဆောင်ရွက်နေခြင်း ရှိ/ မရှိနှင့် အထောက် အထားအချက်အလက်များ မှန်ကန်ကိုက်ညီမှု ရှိ/မရှိ များကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် လျက်ရှိနေပါသည်။ သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် Online မှ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် လိမ်လည်ခံရမှုမရှိစေရေးအတွက် မိမိဝယ်ယူမည့် Online Shop သည် Online Sale မှတ်ပုံတင်ထားခြင်း ရှိ/မရှိ eComReg System Website တွင် ဝင်ရောက်ကြည့်ရှု၍ ဝယ်ယူသင့်သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ လုပ်ငန်းကို Online Sale မှတ်ပုံတင် ထားခြင်းဖြင့်တရားဝင်လုပ်ငန်းအဖြစ်ကြေငြာနိုင်ခြင်း၊ စားသုံးသူများ၏ယုံကြည်မှု ရရှိခြင်းတို့ကြောင့် ဈေးကွက်သစ်များ ပိုမိုချဲ့ထွင်လာနိုင်မည်ဖြစ်ပါသဖြင့် ရောင်းသူနဲ့ဝယ်သူတို့ ယုံကြည်မှုတိုးပွားဖို့ https://www.ecomreg.gov.mm/ မှာ Online Sale မှတ်ပုံတင်ကြစို့ လို့ အသိပေး တိုက်တွန်း လိုက်ရပါတယ်။
DOCA(ရှမ်း)
