Main menu

အိန္ဒိယ၌ ဆန်စပါး စံချိန်တင်ထွက်ရှိမှုက ကမ္ဘာ့ဆန်ဈေးနှုန်းများကို ကျဆင်းစေ

Powered by Drupal

     အိန္ဒိယတောင်သူများသည် နောက်ထပ်စံချိန်တင် စပါးရိတ်သိမ်းမှုတစ်ခုကို အပြီးသတ် လုပ်ဆောင်နေကြပြီး ယင်းသည် ကမ္ဘာ့ဆန်စျေးကွက်အတွင်းသို့ ဆန်အမြောက်အမြား ထပ်မံ ဝင်ရောက်လာစေမည်ဖြစ်သည်။ စျေးကွက်အတွင်း၌ ဆန်လက်ကျန်များ လုံလောက်စွာရှိနေပြီး ဖြစ်သဖြင့် ယခုကဲ့သို့ အိန္ဒိယဆန်များ ထပ်မံဝင်ရောက်လာခြင်းသည် အခြေခံစံပြု ဆန်စျေးနှုန်း များအပေါ် ထပ်မံ၍ ဖိအားပေးလာဖွယ် ရှိနေသည်။

     ဝယ်လိုအားနည်းလျက်ရှိပြီး အဓိကဝယ်ယူသည့် နိုင်ငံများက သွင်းကုန်စည်းမျဉ်းများကို တင်းကျပ်မှုများကြောင့် အဆိုပါတောင်သူများနှင့် တင်ပို့သူများအနေဖြင့်  ရိုက်ခတ်မှုဒဏ်ကို အပြင်းအထန် ခံစားရနိုင်ပါသည်။ ကမ္ဘာ့အကြီးဆုံး ဆန်ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံရှိ စိုက်ပျိုး ထုတ်လုပ်သူများသည် ထိုင်းနှင့် ဗီယက်နမ်ကဲ့သို့ ပြိုင်ဘက်နိုင်ငံများကို ယှဉ်ပြိုင်နိုင်ရန် ဆန် စျေးနှုန်းများကို မဖြစ်မနေ လျှော့ချရမည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ပါသည်။

     အိန္ဒိယနိုင်ငံအတွင်း ဆန်လက်ကျန် အမြောက်အမြားရှိနေခြင်းကြောင့် ဝယ်ယူသူများသည် ဈေးနှုန်းများ မည်မျှအထိ ထပ်မံကျဆင်းနိုင်မည်ကို စောင့်ကြည့်လျက်ရှိပြီး ရောင်းချသူများ၏ သည်းခံနိုင်စွမ်းကို စမ်းသပ်နေကြသည်ဟု Olam India ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာ Nitin Gupta က ပြောကြားခဲ့သည်။ အဓိက ဆန်ထုတ်လုပ်သည့် ဒေသများတွင် ဆန်လက်ကျန်များ ပိုမို များပြားလာသည့်အတွက် ကမ္ဘာ့ဆန်ဈေးနှုန်းများသည် ဆက်လက်ဖိအားပေးခံရဖွယ်ရှိကြောင်း Nitin Gupta က ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့တွင် Raipur မြို့၌ ပြုလုပ်သည့် အိန္ဒိယနိုင်ငံတကာ ဆန်စပါး ညီလာခံ၌ ထည့်သွင်း ပြောဆိုခဲ့သည်။

     အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် အဆိုပါ တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ မိုးစပါးထွက်ရှိမှုသည် တန်ချိန် ၁၂၄.၅ သန်းအထိ ရှိခဲ့ပြီး စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ယင်းသီးနှံကို ပုံမှန်အားဖြင့် ဇွန်လနှင့် ဇူလိုင်လ များတွင် စိုက်ပျိုးလေ့ရှိသည်။

     အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ဝယ်ယူသူများထံမှ ကာလတိုဝယ်လိုအား နည်းပါး နေသည့်အတွက် အိန္ဒိယဆန်ဈေးနှုန်းများသည် လက်ရှိတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၀ ဝန်းကျင်မှ မတ်လ သို့မဟုတ် ဧပြီလတွင် တစ်တန်အပေါ် ၁၅ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ ထပ်မံ ကျဆင်းသွားနိုင်ကြောင်း Gupta က ပြောကြားခဲ့သည်။

     အာရှဒေသ၏ အခြေခံဆန်စျေးနှုန်းသည် အောက်တိုဘာလနှောင်းပိုင်း ၁၀ နှစ်တာအတွင်း အနိမ့်ဆုံးအဆင့်မှ ငါးပုံတစ်ပုံခန့် ပြန်လည်မြင့်တက်လာခဲ့သော်လည်း ယခုအပတ်တွင် ဒီဇင်ဘာ လ ၂၄ ရက်နေ့ကထက် ၄ ရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းသွားခဲ့သည်။ ယင်းသည် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု လျော့ကျနိုင်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့ အဓိကဝယ်ယူသည့် နိုင်ငံများ၏ သွင်းကုန်ကန့်သတ်မှုများကြောင့်ဖြစ်ပြီး အာရှတစ်လွှားရှိ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများကို ထိခိုက်နစ်နာစေလျက်ရှိသည်။

     ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အဆိုအရ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ ဆန်ထုတ်လုပ်မှုသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးမှုအားကောင်းခြင်းကြောင့် တန်ချိန် ၅၅၈.၈ သန်းအထိ စံချိန်တင် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ယခုကဲ့သို့ အထွက်ပမာဏ အဆ မတန် တိုးတက်လာခြင်းကြောင့် ကမ္ဘာ့ဆန်လက်ကျန် အရန်သင့်စုဆောင်းမှု (Stockpiles) မှာ လည်း အမြင့်ဆုံး စံချိန်သစ်သို့ ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း FAO က ပြောကြားခဲ့သည်။

Source: Economic Times, 10 Jan 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)