
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စက်မှု ကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၉-၁-၂၀၂၆ ရက် နေ့ နံနက် ၁၀နာရီအချိန်က မအူပင် မြို့နယ် ဆန်စက်ကြီးများ ကြိတ်ခွဲလည်ပတ် ထုတ်လုပ်နိုင်မှုများ တွက်ချက်နိုင်ရေးကို သွားရောက်လေ့လာ ကြည့်ရှုစစ်ဆေးသည်။
မအူပင်မြို့နယ်အတွင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆန်စက်များအသုံးပြုလည်ပတ်နေမှုများကို ဌာနဆိုင်ရာများနှင့် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ မအူပင်မြို့နယ် ဆန်စက်များတွင် Gasifier သုံးဆန်စက် (၄)စက်၊ ၁၅တန်နှင့် အထက် ဆန်စက် (၁၉)စက်။ စပါးအခြောက်ခံစက် ၄စက်ရှိပြီး၊ ဒေသတွင်း ဆန်စက်စာရင်းများကိုပြုစုနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ဆန်စက်တာဝန်ခံများနှင့် ဦးဇော်မင်းနှင့် တွေ့ဆုံ၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်၊ ဓာတ်အားရရှိသုံးစွဲနေမှု၊ စပါးခွံ ကုန်ကြမ်းများ ရရှိသုံးစွဲမှု၊ စပါးခွံလောင်စာသုံး Gasifier မှ လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး Gasifier အသုံးပြုခြင်းကြောင့် ကုန်ထုတ်လုပ်မှု စရိတ်များလျှော့ချနိုင်မှုနှင့် ပြည်တွင်း၌သုံးစွဲနေသည့် စပါးခွံလောင်စာသုံး Gasifier များ၏ စစ်ဆေးတွေ့ရှိမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်တွင်း ဆန်စက်များ၏ အချက်အလက်များကို ပြုစု၍ တိုင်းဒေသကြီးအဖွဲ့သို့ တင်ပြဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေးပြီး ဆန်စက်လုပ်ငန်းရှင်များလုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကိုလည်း တင်ပြဆွေးနွေးနိုင်ရန် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် MyRo နှင့် စပ်လျဉ်း၍ လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကိုပါ ထည့်သွင်းဆွေးနွေး စစ်ဆေးခဲ့ကြကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
