
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ရုံးပတေသီး၊ ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားပင်၊ ရုံးပတေသီးပင်နှင့် ခရမ်းကြွပ်သီးပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ရောင်းချ လျက်ရှိကြောင်းသိရသည်။ ပဲစောင်းလျားသီး၊ ရုံးပတေသီးနှင့် ခရမ်းကြွပ်သီးများကို သုပ်စား၊ ချက်စား၊ ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပဲစောင်းလျားသီး၊ ရုံးပတေသီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာ များမှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ပဲစောင်းလျားသီး(၅)တောင့်ပါ (၁)စည်းလျှင် (၅၀၀)ကျပ်၊ (၃)စည်းလျှင် (၁၃၀၀)ကျပ်၊ ရုံးပတေသီး(၁)ပိဿာလျှင် (၄၈၀၀)ကျပ်၊(၅၀)ကျပ်သားလျှင် (၂၄၀၀) ကျပ်၊(၂၅)ကျပ်သားလျှင်(၁၂၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၁)ပိဿာလျှင် (၃၈၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
