Main menu

စစ်ကိုင်းမြို့၏ ‌ဒေသထုက်ကုန် စိန်ကြည်ဂျုံခေါက်ဆွဲ

Powered by Drupal

                     စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “စိန်ကြည်”ဂျုံခေါက်ဆွဲလုပ်ငန်းကို ၁၉၉၀ခုနှစ်က စတင်ပြီး မတည်ရင်းနှီးငွေကျပ်သိန်း(၁၀၀၀)ဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစားသောက်ကုန်လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ရာ ယခုလုပ်သားအင်အား ကျား(၂၅)ဦး၊ မ(၅၅)ဦး စုစုပေါင်း (၈၀)ဦးအား အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ပါသည်။ လုပ်သားတစ်ဦးလျှင် (၂)သိန်းမှ (၃)သိန်းထိ လုပ်ငန်း ကျွမ်းကျင်မှုပေါ်မူတည်၍ လုပ်အားခများပေးချေပါသည်။ ဂျုံကုန်ကြမ်းကို မန္တ‌လေးမြို့မှ ဒုံးပျံတံဆိပ်ကို ဝယ်ယူအသုံးပြုသည်။ တစ်လလျှင်ကုန်ကြမ်း ဂျုံ ၃၀ပိဿာဝင် အိတ် ၈၀၀ကို အသုံးပြု၍ ကုန်ချောခေါက်ဆွဲခြောက် ၂၃၀၀၀ပိဿာခန့် ထုတ်လုပ်နိုင်သည်။

                    ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ ဂျုံ၊ ကြက်ဥ၊ ရေ၊ ဆားနှင့် ဆော်ဒါများဖြင့် မွှေသည့် စည်တွင်ထည့်ကာ အချိန်မိနစ် ၂၀ခန့်မွှေသည်။ ထွက်ရှိလာသော ဂျုံများကို ကြိတ်ခုံ(၅)ခုမှ အဆင့်ဆင့်ဖြတ်၍ ဂျုံပြားများ ရရှိလာပြီး ခေါက်ဆွဲမျှင်ဖြတ်သည့်စက်ဖြင့် အမျှင်များဖြတ်သည်။ ခေါက်ဆွဲမျှင်များကို တုတ်တန်းများ ပေါ်တွင်တင်၍ ရေနွေးငွေ့ဖြင့် အချိန်၆၀မိနစ်ကြာခန့် ပေါင်းထည့်ခေါက်ဆွဲများနှင့် အစိမ်းနေလှန်းသည့် ခေါက်ဆွဲအမျိုးအစားများဟူ၍ နှစ်မျိုးထုတ်လုပ် သည်။ ရေနွေးငွေ့ဖြင့်ပေါင်းခံသည့် ခေါက်ဆွဲ၏ အားသာချက်မှာ အမျှင်များပြတ်တောက်မှု နည်းသည်။ ပေါင်းခံပြီးခေါက်ဆွဲများကို လက်ဖြင့်ခွေ၍ ဗန်းများတွင်ထည့်၍လည်းကောင်း၊ အစိမ်း ခေါက်ဆွဲများကို တုတ်တန်းများဖြင့်လည်းကောင်း၊ လှန်းစင်များဖြင့် နေပူရှိန်ပြင်းလျှင် (၅)နာရီခန့်နေလှန်းသည်။ခေါက်ဆွဲခြောက်ပါကသတ်မှတ်ထားသည့် အရှည်အတိုင်းဖြတ်တောက်ပြီး ၂၀ကျပ်သား၊  ၅၀ကျပ်သားစသည့် အလေးချိန်အသီးသီးဖြင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ထုပ်ပိုးသည်။ ကုန်ချောကို စိန်ကြည်ဂျုံခေါက်ဆွဲ၊ စိန်ကြည်ကြက်ဥ ခေါက်ဆွဲ၊ ရွှေမောင်း နန်းလုံး/နန်းပြား၊ ရွက်လှေ နန်းလုံး/နန်းပြား၊ ရွှေနဂါးညီနောင် နန်းလုံး/နန်းပြား၊ ရွှေလက်ဝါးတံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုး ဖြင့် ထုတ်လုပ်ရောင်းချသည်။ စက်ရုံလက်လီ/ လက်ကားဈေးနှုန်းများမှာ အလေးချိန် အနည်းအများ ပေါ်မူတည်၍ တစ်ထုပ်လျှင် အနည်းဆုံး ၁၃၀၀ကျပ်မှ ကျပ်၃၀၀၀ထိသာ သတ်မှတ်ပြီး အရည် အသွေးမှန်၊ အလေးချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့်ထုတ်လုပ်ရောင်းချသဖြင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်သည်။ စိန်ကြည်ခေါက်ဆွဲစက်မှ ထွက်ရှိသည့် ဂျုံခေါက်ဆွဲများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် မြန်မာပြည်အနှံ့သို့ တင်ပို့ ရောင်းချလျက်ရှိသည်။ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ လက်မှတ်ရရှိပြီး ဖြစ်၍ စားသုံးသူပြည်သူများအတွက် စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူစားသုံးနိုင်သည့် ခေါက်ဆွဲဖြစ်ကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)