
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာပိုးကျလွယ်ပြီးပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၅၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူကာ တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၁၀၀၀-၁၁၀၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်း မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ်ရရှိနိုင်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧကလျှင် ငွေကျပ် ၇၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရ ပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၂၀-၂၅ ပိဿာခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၅၀-၅၅ ခန့် ထွက်ရှိရာ ကွမ်းပင်များ ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေး ကွက်အနေဖြင့် ဇန်နဝါရီလ တတိယပတ်တွင် လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀-၂၃၀၀၀ နှုန်းဖြင့် မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ဇန်နဝါရီ ဒုတိယပတ် ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်လျင် ဈေးနှုန်း (၁၀၀၀) ကျပ် ဈေးနှုန်းမြင့်တက် ကြောင်း၊ ကွမ်းအထွက်နှုန်း နည်းသွားသည့်အတွက် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်းကွမ်းစိုက် တောင်သူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)
