Main menu

ဂေါ်ဖီထုပ်စိုက်ပျိုးပုံနည်းစနစ်နှင့်စျေးနှုန်းစျေးကွက်

Powered by Drupal

     ဂေါ်ဖီထုပ်သည် ဂေါ်ဖီပွင့်၊ မုန်ညင်းစသည်တို့နှင့်အတူ “ကရူစီဖာရီး”မျိုးရင်းတွင်ပါဝင်သည်။ ဂေါ်ဖီထုပ်ကို မုန်လာထုပ်ဟူ၍လည်းခေါ်သည်။ ဂေါ်ဖီထုပ်သည် ရေမတင်နိုင်သော မြေနုမြေမွများတွင်ကောင်းစွာ ဖြစ်ထွန်းသည်။ ယင်းကိုပျိုးထောင်ပြီးမှစိုက်ခင်းတွင် ထပ်မံ၍ စိုက်ရသည်။ မျိုးစေ့များမချမီပျိုးခင်းတွင် ဘောင်နိမ့်နိမ့်ပြုလုပ်ရသည်။ ထိုနောက် ဘောင်ပေါ် တွင်၄လက်မ၊ ၅လက်မစီခွာလျက်မျိုးစေ့များကို အတန်းလိုက်ပါးပါးချပေးရသည်။ ထိုမျိုးစေ့ များပေါ်တွင် မြေစာမြေမှုန့်တို့ကိုခပ်ပါးပါးဖုံးအုပ်ပေးပြီးနောက် ပန်းကရားဖြင့်ရေလောင်းပေးရသည်။ ဘောင်များကို ငှက်ပျောရွက်၊ထန်းရွက်စသည်တို့ဖြင့် နေပူမှကာကွယ်ရန်ဖုံးအုပ်ပေးရသည်။ ပျိုးပင် ကလေးများသည် ၄လက်မခန့်ကြီးမြင့်လာ၍ အရွက်၃ရွက်မှ ၆ရွက်အထိရှိလာသောအခါ ရွေ့ပြောင်းစိုက်ရန်သင့်ပြီဖြစ်သည်။ ပျိုးပင်ကလေးများကို ရွေ့ပြောင်းမစိုက်မီစိုက်ခင်းများကို ရေကောင်းစွာဖျန်းပေးရသည်။ ထို့နောက်ဘောင်တန်းများတွင် တစ်ပေစီခွာလျက်ကျင်းငယ် ကလေးများ ခပ်နက်နက်တူးပြီးလျှင် ထိုကျင်းများထဲ၌ ပျိုးပင်ကလေးများကို စိုက်ပျိုးရသည်။ ရွှေ့ပြောင်းစိုက်ပြီးနောက် ၃၊၄ရက်ခန့်ကြာအောင် အပင်ကလေးများကိုနေပူမှကာကွယ်ပေးရပြီး ရေကိုလည်းနိုင်နိုင်လောင်းပေးရပါမည်။

    ဂေါ်ဖီထုပ်ပင်များသည် ၃၊၄လကြာပြီးမှ ကြီးရင့်လာ ကြသည်။ မကြီးရင့်မီ အပင်များကြားရှိမြေကိုဆွပေး၍ နွား၊ မြင်းတို့၏အညစ်အကြေး ရေနှင့်နှမ်း ဖတ်ပုပ်များကို မကြာခဏလောင်းပေးလျှင် အပင်များသည်အထူးသန်စွမ်းကြသည်။ ‌ဂေါ်ဖီထုပ်တွင် အာဟာရ ဓာတ်များပြားစွာပါရှိသောကြောင့် အနောက်နိုင်ငံများတွင် ဂေါ်ဖီထုပ်ပင်များကို မျိုးကွဲများ ဖြစ်ထွန်းအောင်ပြုပြင်၍ စိုက်ပျိုးခဲ့ကြသည်။ ဂေါ်ဖီထုပ်ကိုစားသုံးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း၊ ကင်ဆာနှင့်နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေခြင်း၊ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းကို အထောက်အကူပြုခြင်း၊ သွေးအတွင်းမကောင်းသော အဆီများကို လျော့နည်းစေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်ပါသည်။ ယခု ဇန်နဝါရီလ တတိယအပတ်တွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၂၀၀၀-၃၀၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(ပဲခူး)