Main menu

မုံရွာမြို့နယ် ကန်သာယာဈေး၌ ရာသီစာတမာရွက်နုများ ရောင်းချလျက်ရှိ

Powered by Drupal

                 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာယာဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ရောင်းချလျက် ရှိရာ  ရာသီပေါ်အသီးအရွက်များဖြစ်သည့် တမာရွက်၊ ညောင်ရွက်၊ ထနောင်းဖူး၊ သမုန်းဖူး(သမုန်းပွင့်)၊ ကန့်လန့်ဖူး၊ မုန့်ညှင်းရွက်၊ နံနံပင်၊ ပဲကြီးအစို၊ ပန်းမုံလာပွင့်၊ မုံလာထုတ်၊ ခါကြက်ဥ၊ ခရမ်းသီး၊ သံပုရာသီး၊ နှင့် ခရမ်းချဉ်သီး စသည့်သီးနှံများ ရောင်းချလျက် ရှိကြောင်း သိရသည်။

              တမာပင်သည် အပူပိုင်းအမြဲစိမ်းအပင်တစ်မျိုးဖြစ်ပြီး အညာဒေသများတွင် ပေါက်ရောက်သောအပင်ကြီးမျိုးဖြစ်သည်။ တမာရွက်အမျိုးအစား အမျိုးမျိုးရှိရာ ခြံစည်းရိုးတမာ၊ ရေတမာနှင့် စားတမာဟူ၍ ရှိသည့်အနက် စားတမာဖူး/တမာရွက်နုသည်လူတိုင်းနီးပါးကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ်ပြီး ထမင်းမြိန်စေသော အရန်ဟင်းကြမ်းတစ်မျိုးအဖြစ် အသုံးပြုကြပါသည်။

                    ယခုအချိန်တွင် ရာသီစာတမာရွက်နုများ ပေါ်စအချိန်ဖြစ်၍ ဈေးကောင်းရနေကြောင်း၊ ယခင်နှစ်က တမာရွက်နု(၁၀)သားလျှင် (၈၀၀/၁၀၀၀)ကျပ်၊ ယခုနှစ်တွင်မူ (၁၀)သားလျှင် ကျပ်(၁၅၀၀-၁၈၀၀)အထိ ရောင်းချရကြောင်းသိရသည်။တမာရွက်နုများကို ပြုတ်၍ ခရမ်းချဉ်သီး ငါးပိချက်၊ ငံပြာရည်ချက်၊ ငါးပိရည်နှင့် ငါးခြောက်ချက်များတို့ဖြင့် တွဲဖက်စားသုံးကြသည်။ တမာရွက်နုများသည် ပြာသိုလနှင့် တပိုတွဲလများတွင် ထွက်ရှိပြီး ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA(စစ်ကိုင်း)