Main menu

တောင်ငူမြို့နယ်မှ ကျွဲခေါင်းသီးစိုက်ပျိုးသူများ ဈေးကောင်းရ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာအုပ်စု၊ ရွှေဥဩကျေးရွာတွင် ကျွဲခေါင်းသီးစိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိကြောင်းသိရှိရပါသည်။ ရေနက်ကွင်းများရှိ ချောင်းရိုးများ၊ ကန်များ၊ အင်းများတွင် စိုက်ပျိုးထားကြပါသည်။ ကျွဲခေါင်းသီးပင်များကို ကဆုန်လ၊ နယုန်လများတွင် စတင်စိုက်ပျိုးကြပါသည်။ တစ်ဧကစိုက်ပျိုးရန် ပျိုးပင်ထုပ် ပီနံအိတ် ၆ အိတ် လိုအပ်ပါသည်။ နုန်းတင်မြေများတွင် ပိုမိုဖြစ်ထွန်းကြောင်း သိရှိရပါသည်။ ပျိုးပင်ပေါက်တစ်အိတ်လျှင် ၈၀၀၀ ကျပ်ခန့် ဝယ်ယူရပါသည်။

           နုန်းတင်မြေများ၊ ချောင်းရိုးများ၊ အင်းများတွင် စိုက်သည့်အတွက် မြေပြုပြင်ရန်မလိုကြောင်း သိရှိရပါသည်။ အပင်ဖြစ်ထွန်းလာလျှင် ပင်ပွားများထွက်လာသည့်အတွက် အပင်ကျဲကျဲစိုက်ထားသော်လည်း ရေမျက်နှာပြင်နေရာလွတ်မရှိအောင် အပင်များပြည့်သွားပါသည်။ အပင်အားဆေးနှင့် ပိုးသတ်ဆေးဖျန်းပေးရပြီး အပင်များကို ရွှေခရုများမဖျက်အောင် ရွှေခရုကောက်ပေးရပါသည်။ ဝါဆိုလပြည့်ကျော်လျှင် အသီးများစတင်ခူးရပါသည်။ ပေါ်ဦးအသီးတစ်လုံးလျှင် ၁၀ ကျပ် မှ ၁၅ ကျပ်အထိ ရောင်းရကြောင်း သိရှိရပါသည်။

             လူတစ်ဦး တစ်ရက်ခူးပါက အလုံးတစ်သောင်းကျော်ရကြောင်း၊ ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ကြောင်း၊ ပြင်ပလုပ်သားမငှားဘဲ မိသားစု တပိုင်တနိုင်လုပ်ကြောင်း၊ ကျွဲခေါင်းသီးတစ်ဧက စိုက်ပျိုးပါက မျိုးဖိုး၊ ဆေးဖိုးနှင့်  မိသားစုလုပ်အားခ စုစုပေါင်း ကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း၊ တစ်နှစ်အသီးရောင်းရငွေမှာ ကျပ် ၂၅ သိန်းရှိသဖြင့် တစ်ရာသီတွင် တစ်ဧက အမြတ်ကျပ်သိန်း ၂၀ ခန့်ရှိကြောင်း ရွှေဥဩကျေးရွာမှ ကျွဲခေါင်းသီးစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)