Main menu

ကန့်ဘလူခရိုင်၏ မိုးစပါးစိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်ရရှိမှုအခြေအနေ

Powered by Drupal

                  မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေပြု စီးပွားရေးစနစ်အတွင်း စပါးသီးနှံသည် အဓိကအစား အစာဖြစ်ရုံသာမက တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းအရင်းအမြစ်၊ ဒေသစီးပွား ရေးလည်ပတ်မှုနှင့် နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသည့် သီးနှံတစ်မျိုးအဖြစ် ရပ်တည် နေသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူခရိုင်မှာ မိုးစပါးအဓိကစိုက်ပျိုးထုတ်လုပ်လျက် ရှိပြီး နှစ်စဉ်မိုးစပါးစိုက်ပျိုးမှုသည် ဒေသခံတောင်သူများ၏ အဓိကဝင်ငွေရရှိရာ လမ်းကြောင်းဖြစ်လာ လျက်ရှိသည်။

         သို့သော် ယနေ့အချိန်တွင် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းသည် အထွက်နှုန်းတိုးတက်လာခြင်းနှင့် အတူ သွင်းအားစုကုန်ကျစရိတ်များ မြင့်တက်လာမှု၊ လုပ်သားရှားပါးမှုနှင့် ဈေးကွက်မတည်ငြိမ်မှု တို့ကြောင့် တောင်သူအကျိုးအမြတ်အပေါ် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

မိုးစပါးစိုက်ပျိုးမှုအခြေအနေ

           ကန့်ဘလူခရိုင်တွင် မိုးရာသီကာလအတွင်း မိုးရေချိန်အခြေအနေမှာ ပုံမှန်အတိုင်းရရှိခဲ့ပြီး ဒေသအလိုက် မိုးရေရရှိမှုမတူညီသော်လည်း  မိုးစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်မှုရှိ ကြောင်းတွေ့ရသည်။ ဒေသတွင် အဓိကစိုက်ပျိုးနေသည့် မျိုးစပါးများမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ဆင်းသုခ စသည်ဖြင့် စုစုပေါင်း ဧက တစ်သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ စိုက်ပျိုးကာလမှာ ပုံမှန်အားဖြင့် ဇွန်လမှ ဇူလိုင်လအတွင်း စတင်စိုက်ပျိုးပြီး အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ရိတ်သိမ်းလေ့ရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မိုးစပါးတစ်ဧက ကုန်ကျစရိတ်အခြေအနေ

          ဒေသခံတောင်သူများ၏ ပြောကြားချက်အရ ကန့်ဘလူခရိုင်တွင် မိုးစပါးတစ်ဧကစိုက်ပျိုးရန် လိုအပ်သည့် ကုန်ကျစရိတ်မှာ  မျိုးစပါးကုန်ကျစရိတ်၊ လယ်ယာမြေပြင်ဆင်ခ၊ ထွန်ယက်ခ၊ လက်လုပ်အားခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရေသွင်းရေထုတ်စရိတ်များကို စုပေါင်းတွက်ချက် ပါက မိုးစပါးတစ်ဧကလျှင် ကျပ် ၈ သိန်းမှ ၁၀ သိန်းအထိ ကုန်ကျနေကြောင်း သိရသည်။ သယ်ယူပို့ ဆောင်ရေး အခက်အခဲများကြောင့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများ၏ ဈေးနှုန်းမြင့် တက်မှု၊ လုပ်သားခနှုန်းတိုးမြင့်လာမှုတို့သည် စိုက်ပျိုးရေးကုန်ကျစရိတ်ကို သိသိသာသာမြှင့်တက် စေသည့် အကြောင်းရင်းများ ဖြစ်လာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

ထွက်ရှိမှုနှင့် ထုတ်လုပ်မှုအခြေအနေ

         ကန့်ဘလူခရိုင်ရှိ မိုးစပါး၏ ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၆၀ မှ ၈၀ အထိ ရရှိနိုင်ကြောင်း သိရသည်။ စိုက်ပျိုးနည်းပညာကောင်းမွန်ပြီး ရေထိန်းသိမ်းနိုင်မှုကောင်းသော လယ်မြေများတွင် တစ်ဧကအထွက်နှုန်း ကောင်းမွန်နိုင်သော်လည်း မိုးရေရရှိမှု မတူညီခြင်း၊ ပိုးမွှားရောဂါကျရောက်မှုများရှိသည့် လယ်မြေများတွင် ထွက်ရှိနှုန်းလျော့နည်းနေသည်။

စပါးဈေးနှုန်းနှင့် တောင်သူဝင်ငွေ

          မိုးစပါးစိုက်ပျိုးမှုမှ တောင်သူများရရှိလာသော အကျိုးအမြတ်သည် ထွက်ရှိမှုနှင့် စပါးဈေးနှုန်းပေါ် အဓိကမူတည်နေသည်။ ကန့်ဘလူခရိုင်၏ လက်ရှိ စပါးဈေးကွက်အခြေအနေအရ ကန့်ဘလူခရိုင်အတွင်း မိုးစပါးပေါက်ဈေးမှာ တင်းတစ်တင်းလျှင် ကျပ် ၂၀,၀၀၀ မှ ၂၂,၀၀၀ အတွင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊  ထွက်ရှိမှုနှင့် ဈေးနှုန်းကို တွက်ချက်ပါက မိုးစပါးတစ်ဧကလျှင် စုစုပေါင်းဝင်ငွေမှာ ကျပ် ၁၂ သိန်းမှ ၁၅ သိန်းအထိ ရရှိနိုင်သည်။ ကုန်ကျစရိတ်ကို နှုတ်ယူပြီးနောက် တောင်သူတစ်ဦး၏ အကျိုးအမြတ်မှာ မိုးစပါးတစ်ဧကလျှင် ကျပ် ၅ သိန်းမှ ၇ သိန်းခန့်သာ ကျန်ရှိ ကြောင်း တောင်သူများထံမှ သိရသည်။

တောင်သူများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

      တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးမှုမှ အကျိုးအမြတ်ရရှိနေသော်လည်း မိုးရာသီအတွင်း ဖြစ်ပေါ်နိုင်သည့် ရေကြီးရေလျှံမှု၊ ပိုးမွှားရောဂါများ၊ စပါးဈေးနှုန်းအတက်အကျ မတည်ငြိမ်မှုတို့သည် အမြတ်အစွန်းကို လျော့နည်းစေသည့် အကြောင်းရင်းများဖြစ်နေသည်။ ထို့အပြင် စိုက်ပျိုးရေး လုပ်သားရှားပါးလာမှုကြောင့် လက်လုပ်အားခမြင့်တက်လာခြင်းသည်လည်း တောင်သူအပေါ် ဖိအား တိုးလာစေသည်။

          ကန့်ဘလူခရိုင်ရှိ တောင်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အကျိုးအမြတ်ပိုမိုရရှိ ရေးအတွက် စိုက်ပျိုးနည်းပညာတိုးတက်မှု၊ မျိုးစပါးကောင်းရွေးချယ်အသုံးပြုမှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်မည့် နည်းလမ်းများကို အထူးအလေးထားလာကြောင်း တွေ့ရသည်။ ထို့အပြင် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၏ ဈေးနှုန်းတည်ငြိမ်ရေး၊ စိုက်ပျိုးရေးချေးငွေအခွင့်အလမ်းများ ပိုမိုလွယ်ကူစေရေးကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တောင်သူများက အကြံပြုထားကြသည်။

 

 

သုံးသပ်ချက်

         ကန့်ဘလူခရိုင်၏ မိုးစပါးစိုက်ပျိုးရေးသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်းကျောင်း အတွက် အရေးပါပြီး၊ ထိုက်သင့်သည်အကျိုးအမြတ် ရရှိနေသော်လည်း လက်ရှိအခြေအနေတွင်  စိုက်ပျိုးစရိတ်မြင့်တက်မှုနှင့် ဈေးကွက်မတည်ငြိမ်မှုများကြောင့် တောင်သူအကျိုးအမြတ်မှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရေရှည်တည်တံ့သော စပါးစိုက်ပျိုးရေးစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရန်အတွက် နည်းပညာအသုံးချ မှုမြှင့်တင်ခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေ အထောက် အပံ့များတိုးချဲ့ပေးခြင်းနှင့် စပါးဈေးကွက် တည်ငြိမ်ရေးဆိုင်ရာ မူဝါဒများကို ပိုမိုအလေးထား ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း တွေ့မြင်နေရပေသည်။

DOCA(စစ်ကိုင်း)