Main menu

ပါကစ္စတန်၏ ဆန်တင်ပို့မှု ၆ လအတွင်း ၆၈ ရာခိုင်နှုန်းကျော် ကျဆင်း

Powered by Drupal

     ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ၆ လအတွင်း ပါကစ္စတန်နိုင်ငံ၏ ဆန်တင်ပို့မှု သည် ၆၈.၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယင်းကာလ၌ ဘာစာမာတီဆန် အမျိုးအစားတင်ပို့မှုသည် ၉၃.၂၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ပါကစ္စတန် ဆန်တင်ပို့သူများအသင်းက ဇန်နဝါရီ ၂၇ ရက်နေ့ ကြေညာချက်ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

     ဘာစမာတီဆန် တင်ပို့မှုအပေါ် ကောက်ခံလျက်ရှိသော အခွန်နှုန်းထားကို ၉ ရာခိုင်နှုန်း ဖြတ်တောက်လျှော့ချပေးမည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်အပေါ် အဆိုပါ အသင်းက ချီးကျူးထောမနာပြုခဲ့ပြီး အခြားသော ဆန်အမျိုးအစားများကို တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များသည်လည်း လက်ရှိစည်းကြပ်နေသော အခွန်နှုန်းထားမှ ၃ ရာခိုင်နှုန်း လျှော့ချ သက်သာခွင့် ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

    အခွန်နှုန်းထားများ လျှော့ချပြီးပါက ပါကစ္စတန်ဆန်၏ ဈေးနှုန်းများသည် အိန္ဒိယဆန် ဈေးနှုန်းနှင့် တန်းတူညီမျှခြေကို ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း၊ အခွန်နှုန်းထား လျှော့ချမှုသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်သက်ရောက်ခဲ့ကြောင်း၊ ဆန်တင်ပို့သူများသည် ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အခွန်သက်သာမှု အခွင့်အရေးကို ရရှိမည်ဖြစ်ကြောင်း ပါကစ္စတန် ဆန်တင်ပို့သူများအသင်းက ဖော်ပြခဲ့သည်။

    အဆိုပါအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Malik Faisal က အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုခဲ့ပြီး နိုင်ငံ၏ သမိုင်းမှတ်တမ်းတစ်လျှောက်တွင် ဆန်တင်ပို့သူများအတွက် အစိုးရက အခွန်လျှော့ချ သက်သာခွင့်ပေးခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ဆန်တင်ပို့မှုတန်ဖိုးကို ဒေါ်လာ ၁.၅ ဘီလီယံအထိ ရရှိလိမ့်မည်ဟု ကတိပြုကြောင်း ပြောကြားခဲ့သည်။ ပို့ကုန်လုပ်ငန်းရှင်များ၏ အဆိုအရ ယခုကဲ့သို့ဆွဲဆောင်မှု သည် ဆန်တင်ပို့မှုအဆင့်ကို မြင့်တက်လာစေမည်ဟု မျှော်လင့်ရကြောင်း သိရှိရသည်။

Source: ARY News, Jan 27, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)