Main menu

ဖိလစ်ပိုင်နိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန် တိုးတက်မှုနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

         ဖိလစ်ပိုင်နိုင်ငံ၏ ငါးလုပ်ငန်းထွက်ကုန် စုစုပေါင်း၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုနေသည့် ရေသတ္တဝါမွေးမြူရေးကဏ္ဍသည် ငါးသားပေါက်ထုတ်လုပ်မှု တိုးတက်လာခြင်းကြောင့် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း ငါးလုပ်ငန်းနှင့် ရေသယံဇာတဦးစီးဌာန (BFAR) ၏ ပြောကြားချက်အရ သိရပါသည်။

          BFAR မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ရေသတ္တဝါမွေးမြူရေး နည်းပညာစင်တာများမှ ငါးမှုန်နှင့် ငါးသန် (Fry and Fingerlings) ထုတ်လုပ်မှုမှာ ၂၀၂၅ ခုနှစ်တွင် ငါးအကောင်ရေ ၃၃၅.၃ သန်းခန့်ရှိခဲ့ပြီး ၎င်းသည် ၂၀၂၄ခုနှစ်က ထွက်ရှိခဲ့သည့် ၃၂၅.၉ သန်း ထက် ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုကဲ့သို့ ထုတ်လုပ်မှု တိုးတက်လာခြင်းမှာ ရေရှည်တည်တံ့သော မွေးမြူရေးနည်းပညာများကို အထိရောက်ဆုံး အသုံးချခြင်းနှင့် အမျိုးသားမျိုးငါးဖွံ့ဖြိုးရေး အစီအစဉ်အောက်တွင် မျိုးငါး (Broodstocks) များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်ဟု BFAR ၏ သုံးသပ်ချက်အရ သိရပါသည်။

        အဆိုပါလုပ်ဆောင်ချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရည်အသွေးမြင့် မျိုးငါးသားပေါက်များကို ပိုမိုလွယ်ကူစွာ ရရှိနိုင်စေရန်နှင့် မွေးမြူရေးကဏ္ဍ၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်ရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါငါးသားပေါက်မွေးမြူထုတ်လုပ်ခြင်း တိုးတက်မှုများကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် ဒေသအလိုက် အဓိကငါးအမယ်များကို ဦးစားပေးဖော်ထုတ်ရန်နှင့် ကွင်းဆင်းစစ်ဆေးမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် ဒေသဆိုင်ရာ ရုံးများနှင့် နည်းပညာစင်တာများကို ညွှန်ကြားထားကြောင်း အရာရှိဖြစ်သူ Salilig က ပြောကြားခဲ့ပါသည်။ ထို့အပြင် ဒေသခံငါးမွေးမြူရေးလုပ်ငန်းများကို ပိုမိုပံ့ပိုးကူညီနိုင်ရန်အတွက် ဥပဒေအရ သတ်မှတ်ထားသော လူထုအခြေပြု သားဖောက်စခန်းများ၏ လုပ်ငန်းလည်ပတ်မှုများကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

           ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) မှ ထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ငါးထုတ်လုပ်မှု စုစုပေါင်းမှာ ၂.၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ PSA ၏ဖော်ပြချက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ငါးထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်မှစတင်၍ ဆက်တိုက် ကျဆင်းမှုများရှိခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်းကာလများမှစတင်၍ စုစုပေါင်း ထုတ်လုပ်မှုပမာဏမှာ မက်ထရစ်တန် ၃ သန်းဝန်းကျင်အထိ ပထမဆုံးအကြိမ် ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရပါသည်။

          ၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံရေသတ္တဝါမွေးမြူရေးကဏ္ဍမှ ထွက်ကုန် မက်ထရစ် တန် ၂.၁၈ သန်း ရရှိခဲ့ပြီး ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း စုစုပေါင်းဈေးကွက်ဝေစု၏ ၅၅.၁ ရာခိုင်နှုန်းကို ရယူထားနိုင်ဆဲဖြစ်ကြောင်း သိရပါသည်။ စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းမှာမူ ၂.၂ ရာခိုင် နှုန်း ကျဆင်းခဲ့ပြီး စုစုပေါင်းထုတ်လုပ်မှု၏ ၂၁.၅ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရပါသည်။ ပင်လယ်ပြင် ဒေသန္တရငါးဖမ်းလုပ်ငန်းမှာ ၆.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း ကုန်းတွင်းပိုင်း ငါးဖမ်းလုပ်ငန်းမှာမူ ၇.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။

Source: Inquirer Net                                                                  

DOCA (ရန်ကုန်)