
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ လင်ထောင်၊ ဆူးပုတ်ခုံ၊ ချောင်းကူး၊ အင်းတော၊ ရှားတော၊ ထန်းတပင်၊ သရက်တော၊ စမ်းရေခုံ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိပါ သည်။ ဆောင်းသီးနှံဖြစ်သည့် ကြက်သွန်နီ(ဥစိုက်)ကို ချောင်းစပ်၊ သောင်ပြင်များတွင် တန်ဆောင်မုန်းလမှ စတင်၍ စိုက်ပျိုးကြပြီး အပင်စိုက်ကို နတ်တော်လပြည့်ကျော်တွင် စိုက်ပျိုးကြပါသည်။ စိုက်ဧက(၃၅၀၀)ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။
ကြက်သွန်နီ(ဥစိုက်)ကို ပြာသိုလအတွင်း ရိတ်သိမ်းကြပြီး ရာသီဥတု မှန်ကန်သဖြင့် အထွက် နှုန်းကောင်းမွန်ခဲ့ပါသည်။ ပေါက်မြို့နယ်ဒေသတွင် လမ်းပန်းဆက်သွယ် ရေးအခက်အခဲရှိသော ကြောင့် သွင်းအားစုဈေးနှုန်း၊ လုပ်သားခဈေးနှုန်း ကြီးမြင့်သဖြင့် ယခုနှစ် ကြက်သွန်နီ စိုက်ပျိုးသည့် တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(၁၀၀)သိန်း ဝန်းကျင်အထိ ကုန်ကျစရိတ်ရှိပါသည်။ တစ်ဧက အထွက်နှုန်းမှာ ပိဿာချိန်(၄၀၀၀-၅၀၀၀)ထိ ထွက်ရှိပြီး ထိပ်စ တစ်ပိဿာလျှင် ကျပ်(၄၀၀၀) ဈေးနှုန်းဖြင့် ပေါက်မြို့ပေါ်သို့ လာရောက်ရောင်းချကြောင်း၊ ယခင်က ပခုက္ကူမြို့၊ မန္တလေးမြို့များသို့ ရောင်းချသော်လည်း နယ်မြေအခြေအနေအရ ယခု မြို့တွင်းသာ ရောင်းချရကြောင်း၊ အသားတင် အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၆၀)မှ (၁၀၀)ထိရရှိကြောင်း၊ ယခုနှစ် ကြက်သွန်နီစိုက်ပျိုးမှုမှာ အကျိုးအမြတ်ရရှိပြီး တွက်ခြေကိုက်မှုရှိကြောင်း စိုက်တောင်သူများ၏ ပြောပြချက်အရ သိရှိရ ပါသည်။
DOCA(မကွေး)
