
မကြာမီရောက်ရှိတော့မည့် ပူပြင်းသောနွေရာသီကာလကို အန်တုနိုင်ရန်အတွက် သဘာဝက ပေးသောလက်ဆောင်မွန်မှာ မန်ကျည်းသီးပင်ဖြစ်သည်။ “အပူစာတွင် မန်ကျဉ်း၊ အအေးစာတွင် ဆား” ဟူသော မြန်မာ့ရိုးရာစကားပုံနှင့်အညီ မန်ကျည်းဖျော်ရည်သည် ရင်ကိုအေးမြစေရုံသာမက ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုသော အဖျော်ယမကာတစ်ခုဖြစ်ပါသည်။ မန်ကျည်းဖျော်ရည်သည် လူ့ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးသည့်အပြင် နွေရာသီတွင်ဖြစ်ပေါ်တတ်သည့် အပူလျှပ်ခြင်း၊ အပူကန်ခြင်းနှင့်ဝမ်းချုပ်ခြင်းတို့ အတွက်လည်း အထောက်အကူပြုသောသဘာဝဆေးတစ်ခွက်ဖြစ်ပါသည်။
မန်ကျည်းဖျော်ရည်ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများစွာရရှိပြီး အစာခြေစနစ်ကောင်းမွန်စေပြီး မန်ကျည်းသီးတွင်ပါဝင်သောအမျှင်ဓာတ်များက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါသည်။ ဗီတာမင်စီ ( Vitamin C ) ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များကိုဖယ်ရှားပေးပြီး သွေးလေလည်ပတ်မှုကိုကောင်းမွန်စေသောကြောင့် အညောင်းအညာများပြေစေပါသည်။ မန်ကျည်းသီးတွင် ဖောလစ်အက်ဆစ်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့ပါဝင်ခြင်းကြောင့် မျက်သားခမ်းခြောက်ခြင်း၊ အသက်အရွယ်အရအမြင်အာရုံ လျော့နည်းလာခြင်းတို့ကိုကာကွယ်ပေးနိုင်ကြောင်း ဆေးသုတေသနပညာရှင်များ၏လေ့လာချက် များအရသိရသည်။
မန်ကျည်းသီးကိုရေစိမ်၍သော်လည်းကောင်း၊ ရေနှင့်ပြုတ်၍အနှစ်ပျော်အောင်ပြုလုပ်ပြီး ထန်းလျက်နှင့်ရော၍သောက်သုံးနိုင်ပြီး မြန်မာ့ရိုးရာမြေအိုးအသေးထဲတွင် မန်ကျည်းသီးနှင့် ထန်းလျက်ရောစိမ်၍အေးအေးလေးသောက်သုံးနိုင်ပါသည်။ မန်ကျည်းဖျော်ရည်သည် ဓာတု ဆိုးဆေးနှင့်သကြားတုများပါဝင်သော အသင့်သောက်အအေးများထက်ပိုမိုကောင်းမွန်ပြီး ဘေးဥပါဒ်ကင်းစင်သော ဖျော်ရည်ဖြစ်သောကြောင့် မိမိတို့၏နေအိမ်များတွင် လွယ်ကူစွာဖော်စပ်သောက်သုံး ခြင်းဖြင့် ပူပြင်းသောနွေရာသီကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။
DOCA(ပဲခူး)
