
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မနှင့် မြစ်ရေဝင် ကျေးရွာများဖြစ်သည့် သံပုရာပင်ကုန်း၊ နန်းတော်ရပ်၊ ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ် ကျေးရွာများတွင် ပဲလွန်းပြာသီးနှံကို အများဆုံးစိုက်ပျိုးကြသည်။ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပဲလွန်းပြာသီးနှံများလည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)မှစ၍ ဈေးကွက်သို့ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်တင်းလျှင် ကျပ်(၆၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ဈေးနှုန်းအနေဖြင့် ယခုဖေဖါ်ဝါရီ(တတိယပတ်)တွင် ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် (၆၅၈၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဇန်နဝါရီလ(တတိယပတ်)နှင့် နှိုင်းယှဉ် ပါက တစ်တင်းလျှင်ကျပ် (၈၀၀)ခန့်ဈေးအနည်းငယ်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်း၌ တစ်ရက်လျှင် ပဲလွန်းပြာ ပိဿာ (၃၀)ဝင် အိတ် (၁၀၀ မှ ၂၀၀)ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲလွန်းပြာသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး စားသုံးမှုအနေဖြင့် စားသောက်ကုန်မျိုးစုံတွင် ထည့်သွင်းခြင်းအပြင် မြန်မာ့ရိုးရာ အစားအစာ ငချိတ်ပေါင်း၊ ကောက်ညှင်း ပေါင်းများတွင် ထည့်သွင်းအသုံးပြုမှုများ၍ ပြည်တွင်း စားသုံးမှုများသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲလွန်းပြာသီးနှံများကို ပခုက္ကူပွဲရုံများမှတစ်ဆင့် ဒေသတွင်းဖြန့်ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သီးနှံဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)
