
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မြေပဲဆုံဆီ နဝလီ ကြိတ်ခွဲသည့် လုပ်ငန်းရှင်များ ယခင်ကထက်ပို၍ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိပါသည်။ မြေပဲဆုံဆီလုပ်ငန်းကို ဈေးကွက်တွင် ဖြန့်ဖြူးထုတ်လုပ် ရောင်းချခြင်းထက် နဝလီကြိတ်ခွဲသည့်လုပ်ငန်းရှင်များမှာ ပို၍ တွက်ခြေကိုက်ပြီး အကျိုးအမြတ်ရရှိကြောင်း သိရပါသည်။
ဆုံဆီကြိတ်ခွဲရခြင်းသည် ယခင်ကထက် လျှပ်စစ်မီး ပုံမှန်လာခြင်းကြောင့် လုပ်ငန်း ပို၍ တွင်ကျယ်စွာ ကြိတ်ခွဲလည်ပတ်နေရသည်။ ဈေးကွက်ရရှိပြီးသား ရောင်းအားကောင်းသည့် ဆုံဆီ ရောင်းချသူများမှ မိမိတို့၏ အိမ်၌ရှိသော ဆုံများနှင့် မလုံလောက်သဖြင့် မြေပဲဆံဝယ်၍ ကြိတ်ခွဲရန် လာရောက်အပ်နှံကြပါသည်။ လက်ရှိအရောင်းအဝယ်ဖြစ်နေသော မြေပဲ ပဲကြီးဆံ(ပြန့်) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်( ၉၉၀၀-၁၀၂၀၀ )၊ ဆုံခွေပဲဖတ် တစ်ပိဿာ လျှင် ကျပ်(၇၀၀၀)ဈေးဖြင့် ပွဲစား များမှ အိမ်သို့ လာရောက်ဝယ်ယူပါသည်။ မြေပဲဆုံဆီ ဈေးနှုန်းမှာတစ်ပိဿာလျှင် ကျပ်(၁၇၅၀၀) ဖြင့် ရောင်းချရကြောင်း၊ ဆုံကြိတ်ခမှာ(၅)ပိဿာ တစ်ဆုံလျှင် ကျပ်(၃၀၀၀)ယူပြီး (၂၅)ပိဿာဝင် တစ်အိတ်လျှင် လက်လီဈေး ကျပ်(၁၅၀၀၀)၊ လက်ကားဈေး ကျပ်(၁၃၀၀၀)ယူကြောင်း သိရှိရပါသည်။ ကြိတ်ခွဲချိန် ကြာချိန်မှာ (၁)ဆုံကို (၁)နာရီခန့် ကြာပြီး ဆုံ(၂)လုံးရှိသော လုပ်ငန်းရှင်မှာ တစ်နေ့လျှင် မြေပဲအိတ်(၂-၃)အိတ်၊ ကြိတ်ခွဲပြီးကြောင်း၊ ဆုံအရေအတွက် ပေါ်မူတည်၍ မိသားစု ဝင်ငွေ တစ်ရက်လျှင် ကျပ်(၄၀၀၀၀-၅၀၀၀၀)ရရှိကြောင်း၊ ဈေးကွက်ရှာစရာ မလိုဘဲအလုပ် အကိုင်အခွင့်အလမ်းရရှိသောကြောင့် စားဝတ်နေရေးအဆင်ပြေပြီး တွက်ခြေကိုက်၍ အကျိုး အမြတ်ရရှိကြောင်း နဝလီကြိတ်ခွဲသည့် ဆုံဆီလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)
