
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် စပါး၊ ပြောင်း နှင့် ပဲမျိုးစုံ၊ နေကြာ နှင့် နှမ်းသီးနှံ မျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စိုက်ပျိုးရေး လုပ်ကိုင်ကြသော တောင်သူများသည် ပြောင်း၊ မြေပဲ စသည့်သီးနှံများကြားတွင် ကြားသီးနှံအဖြစ် စားဖိုဆောင်သီးနှံဖြစ်သော ပဲကြီးသီးနှံကို စိုက်ပျိုးကြသည်။ စိုက်ပျိုး၍ရရှိသော ကြားသီးနှံများကို မိမိတို့မိသားစုစားသောက်၍ ပိုလျှံသည်များကို ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သော ပြည်တွင်း ပဲလှော်/ပဲကြော် လုပ်ငန်းရှင်များနှင့် လှောင်လက်များသို့ တစ်ဆင့် ပြန်လည် ရောင်းချခြင်းဖြင့် ဝင်ငွေနှစ်ဆရရှိကြောင်း သိရှိရသည်။
ပြည်တွင်းစားသုံးမှု အခိုင်အမာရှိသည့် ပဲကြီးသီးနှံကို တောင်ငူခရိုင်အတွင်းတွင် စီးပွားဖြစ် စိုက်ပျိုးခြင်း မရှိခြင်းကြောင့် တောင်ငူခရိုင်အတွင်းရှိ ပဲကြော် / ပဲလှော် လုပ်ငန်းရှင်များအနေဖြင့် ပဲကြီး သီးနှံ(အကြီး)ကို မန္တလေးတိုင်းဒေသကြီး ကုန်စည်ဒိုင်များ နှင့် ပျဉ်းမနားမြို့တို့မှ အဓိက ဝယ်ယူ ရရှိကြောင်း၊ ယခင်လ များက ပဲကြီးသီးနှံ အဟောင်း (၁)ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ပိဿာ(၃၀)လျှင် ၃၅၀၀၀၀ ကျပ်ဈေးနှုန်း ရှိခဲ့ပြီး ယခု တပေါင်းလနှင့်တန်ခူးလများတွင် ပဲကြီး သီးနှံအသစ်များ ဝယ်ယူရှိနေပြီဖြစ်ကာ ဒေသထွက် ပဲကြီးသီးနှံအသေး(၃၀)ပိဿာလျှင် ၁၅၀၀၀၀ ကျပ် ဈေးနှုန်းရှိပြီး၊ အခြားမြို့နယ်များမှ ပဲကြီးသီးနှံအကြီး (၁)ပိဿာ လျှင် ၈၀၀၀ ကျပ်၊ ပိဿာ(၃၀)လျှင် ၂၄၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိကြောင်း သိရှိရသည်။
DOCA(ပဲခူး)
