ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူ များအတွက် စားသုံးသူရေးရာအသိပညာပေး ( Talk Show )ကို ယနေ့ နံနက်( ၁၀:၀၀ )နာရီက လူထုအခြေပြုဗဟိုဌာန ( Community Center )ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများအတွက် ဆောင်ရွက်ပေးနေသည့် အကာအကွယ်ပေးမှုများ၊ ပြည်သူအများသိရှိလိုက်နာသင့်သည့်အချက်အလက်များ၊ ကြုံတွေ့ရမည့်အခက်အခဲများကို အကျိုးရှိစွာအသုံးချတတ်စေရေးအတွက် အသိပညာပေး ( Talk Show )ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တရားမဝင်၊ ခွင့်ပြုမဲ့၊ သက်တမ်းလွန်၊ အန္တရာယ်ရှိသော စားသုံးကုန်ပစ္စည်းများထုတ်လုပ်၊ ရောင်းချခြင်းနှင့် သိုလှောင်ထားခြင်းများအတွက် ဆောင်ရွက်နေမှုများ၊ စားသုံးသူပြည်သူများသိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး၍ စားသုံးသူများကိုယ်တိုင်ကြုံတွေ့ပါက ဆက်သွယ်တိုင်ကြားရမည့်ဖုန်းနံပါတ်နှင့် Call Center အကြောင်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့ပါသည်။
DOCA(ရန်ကုန်)