Main menu

တောင်ငူမြို့၏ ဝဥဈေးကွက်

Powered by Drupal

          တောင်ငူမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ၊ ဦးစီးမှူးသည် (၄)မိုင်၊ ဘုရားခြေရင်းကျေးရွာ၊ တောင်ငူမြို့ရှိ အောင်သုခ သီးနှံမျိုးစုံ ရောင်းဝယ်ရေးပွဲရုံသို့ ဝဥ ဈေးကွက်အခြေအနေ၏ သိရှိလိုသည်များအား  ကွင်းဆင်း၍ ပွဲရုံပိုင်ရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ဈေးကွက်တွင် ဈေးကောင်းရရှိနေသော ဝဥခြောက်များ ပွဲရုံသို့ ဝင်ရောက်မှု၊ ပြန်လည် ရောင်းချမှုများ မေးမြန်းရာတွင် ဝဥပင်များကို စီးပွားဖြစ် စိုက်ပျိုးကြသော ရာသီဥတုမျှတမှုရှိသော တောင်ပေါ်ဒေသများဖြစ်သည့် ကရင်ပြည်နယ်၊ လိပ်သို၊ သံတောင်ကြီးဒေသများမှ အများဆုံး ထွက်ရှိသည့်အတွက် မိမိတို့ပွဲရုံအနေဖြင့် အဆိုပါဒေသများမှ အဓိကဝယ်ယူရရှိကြောင်း၊ ဝဥအပင်များသည် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းမှုရှိကာ အစေ့က မျိုးပွားနိုင်ခြင်း၊ ယခင်နှစ် စိုက်ခင်းရှိ တူးရန်ကျန်ရှိသော   ဥများမှတစ်ဆင့် ပြန်လည်မျိုးပြန့်ပွားနိုင်ကြောင်းနှင့် ဝဥအပင်များသည် အအေးပိုင်း‌ဒေသများနှင့် တောင်ပေါ်ဒေသများတွင် စနစ်တကျ စိုက်ပျိုး ဖြစ်ထွန်းမှုရှိသော အပင်တစ်မျိုး ဖြစ်သည်။

          ဝဥစိုက်ပျိုးချိန် ဝဥပင်များကို မိုးဦးကျကာလ ဇွန်လတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လမှာ အရွက်ဖားဖားနှင့် အပင်များကြီးထွား ဖြစ်ထွန်းလာပါကြောင်း၊ ဝဥကိုစိုက်ပျိုးပြီး (၂)နှစ်လျှင်  (၁)ကြိမ်သာ တူးဖော်ကြရပြီး စက်တင်ဘာလ တွင် အများဆုံး ထွက်ရှိပါသည်။ သတ်မှတ်ကာလ ရောက်မှသာ  တူးဖော်သော ဝဥအရွယ်အစားသည် (၁)ပိဿာ မှ (၁.၅၀)ပိဿာ ထိ ရရှိကြောင်း၊ ဝဥအစို (၁)ပိဿာ လျှင် ၃၀၀၀ ကျပ်၊ ဝဥအခြောက် (၁)ပိဿာလျှင် ၂၈၀၀၀ ကျပ်၊   တစ်ရက်လျှင် ဝဥအစို ပိဿာ ၄၅၀၀ မှ ၅၀၀၀ထိ ဝယ်ယူရရှိပြီး၊  ပျမ်းမျှအနေဖြင့်  တစ်နှစ်လျှင် ဝဥအစို ပိဿာ (၇၀၀၀၀) ခန့် ဝယ်ယူ ရရှိပါသည်။ ဝဥအစို (၆)ပိဿာလျှင် ဝဥအခြောက်(၁)ပိဿာခန့်သာ ထွက်ရှိကြောင်း၊  ပြည်တွင်း ဈေးကွက်အနေဖြင့် တောင်ငူမြို့၏ ဝဥအစို ကုန်ကြမ်း ပိဿာ (၁၀၀၀၀)ခန့်အား ၁၂ဘီးယာဉ်များဖြင့် ရန်ကုန်၊ မန္တလေးမြို့ ပွဲရုံများသို့ အများဆုံးတင်ပို့ ရောင်းချလျက်ရှိပြီး ပြည်ပနိုင်ငံများ၏ ဈေးကွက်ပိုမိုရရှိအောင် ဝဥအစိုများကို ကြာရှည်ခံရန်နှင့် အရည်အသွေးကောင်းမွန်စေရန် အခြောက်ခံစက်ဖြင့် အပူချိန် ၅၀-၆၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင်တွင်  (၇)ရက်ကြာ အခြောက်ခံထားရကြောင်း ပွဲရုံပိုင်ရှင် ဦးအောင်ရွှေ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)