ယခုနှစ်တွင် El Niño ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားခြင်းနှင့် အနောက်အာရှဒေသ စစ်ပွဲ ကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်နေခြင်းတို့ကြောင့် အိန္ဒိယအစိုးရသည် ပဲစဉ်းငုံနှင့် မတ်ပဲများအတွက် အခွန်မဲ့ တင်သွင်းခွင့်ကာလကို တိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယပဲနှင့်သီးနှံအသင်း ဥက္ကဋ္ဌ Bimal Kothari က ပြောကြားခဲ့သည်။
လက်ရှိတွင် ပဲစဉ်းငုံနှင့် မတ်ပဲအတွက် အခွန်မဲ့တင်သွင်းခွင့်ကာလသည် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး၊ အိန္ဒိယတွင် ပဲမျိုးစုံလိုအပ်ချက်ရှိနေသောကြောင့် ကာလတိုးချဲ့မည်ဟု မျှော်လင့် ရသည်။ အခြားအကြောင်းရင်းတစ်ခုမှာ ယခုနှစ်စိုက်ပျိုးရာသီ (ဇွန်လအထိ) အတွင်း ပြည်တွင်း ထုတ်လုပ်မှု ကျဆင်းနေခြင်းဖြစ်သည်။ ၂၀၂၅–၂၆ ခုနှစ်တွင် ပဲစဉ်းငုံ ထုတ်လုပ်မှုသည် ယခင်နှစ် တန်ချိန်သိန်း ၃၆.၂၄ မှ တန်ချိန်သိန်း ၃၄.၅၅ သို့ ၄.၆၆% ကျဆင်းခဲ့သည်။ အလားတူ မတ်ပဲ ထုတ်လုပ်မှုသည်လည်း မိုးရာသီတွင် ယခင်နှစ် တန်ချိန်သိန်း ၁၃.၄၁ မှ တန်ချိန်သိန်း ၁၂.၀၆ သို့ ၁၀.၇% လျော့နည်းခဲ့ပြီး၊ ဆောင်းရာသီတွင် ၈.၁၄% ကျဆင်းကာ တန်ချိန်သိန်း ၅.၅၃ မှ တန်ချိန် သိန်း ၅.၀၈ သို့ လျော့နည်းခဲ့ကြောင်းသိရသည်။
စစ်ပွဲအခြေအနေကြောင့် ဈေးနှုန်းတက်လာနိုင်မှု (inflation) အပေါ် စိုးရိမ်ခြင်း၊ ဆီဈေး မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် အာမခံစရိတ်များ ပိုမိုမြင့်တက်လာနိုင်ခြင်း၊ ပစ္စည်းရရှိ မှု မပြတ်တောက်နိုင်သော်လည်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီ များက စစ်ဘေးအန္တရာယ် အာမခံ ကြေးများ မြှင့်တင်နိုင်ပြီး တင်သွင်းစရိတ်များ တိုးလာနိုင်ကြောင်းခန့်မှန်းထားသည်။ ရူပီး တန်ဖိုးကျ ဆင်းခြင်းသည်လည်း ကုန်ကျစရိတ်များကို တိုးမြှင့်စေနိုင်ပြီး ထုပ်ပိုးပစ္စည်း (poly propylene) အိတ် ဈေးနှုန်းများသည် တစ်ပတ်အတွင်း ၁၁ ရူပီး မှ ၂၃ ရူပီးသို့ နှစ်ဆမြင့်တက်လာပြီး တစ်တန်လျှင် ၂၅၀ ရူပီးခန့် ကုန်ကျစရိတ် တိုးလာခဲ့ကြောင်း သိရသည်။
Source: Economic Time, March 14, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
