Main menu

ဖရဲသီးအထွက်နှုန်းမြင့်တက်၍ ကုန်သွယ်မှုတန်ဖိုး တာကာ ၃၄၉.၉၈ သန်းအထိရောက်ရှိနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်တောင်သူများမျှော်မှန်း

Powered by Drupal

   ရာမန်ဒန်ဥပုသ်လရာသီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ တောင်သူများအနေဖြင့် ရာသီ ပေါ် ဈေးကွက်လိုအပ်ချက်ခိုင်မာကို အခြေပြုကာ ဝင်ငွေကောင်းသည့် သီးနှံကို စိုက်ပျိုးရန် ပြင်ဆင် လျက်ရှိကြောင်းသိရသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးခြင်းနှင့် ဈေးကွက် ချဲ့ထွင်နိုင်မှုအား ကောင်းလျှင်မြန်သည့် ဖရဲသီးကို နိုင်ငံတစ်ဝန်းစိုက်ပျိုးလျက်ရှိရာ Khulna၊ Satkhira၊ Bagerhat နှင့် Narali ပြည်နယ်များသည် ဖရဲသီးစိုက်ပျိုးမှုကို အကြီးအကျယ် လုပ်ဆောင်သည့် ဒေသများဖြစ်လာ ကြောင်း သိရှိရသည်။

    ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း၊ ဖရဲသီး တန်ချိန် ၆.၉၉ သန်းထွက်ရှိနိုင်ရန်အတွက် စိုက်ပျိုးမြေ ၁၈,၀၅၅ ဟက်တာစိုက်ပျိုးရန်ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားထားပါ သည်။ ယနေ့အထိ မြေနေရာ ၁၃,၇၂၀ ဟက်တာတွင် ဖရဲသီးစိုက်ပျိုးထားပြီးဖြစ်ရာ ၇၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

    မြစ်ဝှမ်းဒေသဖြစ်သည့် ကိုရာပြည်နယ်ရှိ ဖရဲစိုက်တောင်သူများအနေဖြင့် မျိုးစေ့ချခြင်း၊ အပင်ပေါက်များအားပြောင်းရွေ့နေရာချခြင်း၊ စိုက်ခင်းအတွင်း ရေရရှိရန်စီမံခြင်းစသည်တို့ကို ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ယခုစိုက်ပျိုးရာသီအတွင်း ကိုရာပြည်နယ်ရှိ စိုက်ပျိုးမြေ နေရာ ၂,၆၀၀ ဟက်တာတွင် အထွက်နှုန်းမြင့်မားသည့် ဖရဲမျိုးစေ့များ စိုက်ပျိုးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါသည်။

    ဖရဲသီးသည် အကျိုးအမြတ်ရရှိမှုမြင့်မားသည့် သီးနှံတစ်ခုဖြစ်သည့်အတွက် ရာသီဥတု ကောင်းမွန်ပါက တောင်သူများအနေဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးမည့် အလားအလာရှိကြောင်း၊ စိုက်ပျိုး ရေးအရာရှိများ အနေဖြင့်လည်း တောင်သူများအား စဉ်ဆက်မပြတ် ကူညီပေးလျက်ရှိကြောင်း သိရှိရ သည်။ ဖရဲစိုက် တောင်သူဖြစ်သူ Samiron Beoa က  ဖရဲသီးတစ်တန်လျှင် စိုက်ပျိုးကုန်ကျစရိတ် တာကာ ၂၅,၀၀ မှ ၃၀,၀၀၀ နီးပါး ရှိသော်လည်း တစ်တန်လျှင် တာကာ ၁ သန်း အကျိုးအမြတ် ရရှိလျက်ရှိကြောင်း ပြောကြားထားပါသည်။ ကိုရာပြည်နယ်ရှိ လူငယ်တောင်သူများသည်လည်း ဖရဲသီးစိုက်ပျိုးမှုဘက်သို့ ပြောင်းလဲလုပ်ဆောင်လာပြီး အားထားဖွယ်ရာအလုပ်တစ်ခုအဖြစ် ဆောင်ရွက်လာကြောင်းသိရှိရသည်။

    သို့ရာတွင် တောင်သူများသည် သဘာဝ‌ရေအရင်းအမြစ်ရှားပါးမှု၊ ပို့ဆောင်ဆက်သွယ်ရေး မလုံလောက်မှု၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရကြောင်း၊ ရေသွင်းစိုက်ပျိုးရန်အတွက် လျှပ်စစ်မော်တာများကို အများဆုံးအသုံးပြုရသည့်အတွက် ကုန်ကျ စရိတ်ကြီးမားကြောင်းသိရှိရသည်။ ရေပေးမြောင်းများ တိုးချဲ့တည်ဆောက်ပေးခြင်း၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေ ချောမွေ့အောင်စီစဉ်ပေးခြင်းနှင့် လျှပ်စစ်ဓါတ်အား ရရှိအောင် ဆောင်ရွက် ပေးခြင်းဖြင့် ကုန်ကျစရိတ် လျော့ချနိုင်ပြီး၊ အထွက်နှုန်းနှစ်ဆမြင့်တက်ကာ ဈေးကွက် ချဲ့ထွင်မှုရှိ လာနိုင်မည်ဖြစ်ကြောင်း တောင်သူများက အကြံပြုထားကြောင်းသိရှိရသည်။

     ပြီးခဲ့သည်နှစ်က အထွက်နှုန်းများပြားခဲ့မှုသည် တောင်သူများအား ယခုစိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးလျက်ရှိကြောင်း၊ ရာသီဥတုစဉ်ဆက်မပြတ်ကောင်းမွန်ပြီး မှန်ကန် သည့် ဈေးကွက် စီမံခန့်ခွဲမှုနှင့် သယ်ယူပို့ဆောင်မှုအဆင်ပြေချောမွေ့မှုများရှိပါက တောင်သူများ အတွက် ဈေးကောင်းရရှိမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ စိုက်ပျိုးရေးအရာရှိများအနေဖြင့် ယခုနှစ်တွင် ကူနာစိုက်ပျိုးရေးဇုန်ရှိ မြေနေရာ ၁၈,၀၅၅ ဟက်တာမှ ဖရဲသီးတန်ချိန် ၆,၉၉ သန်း ကျော်ထွက်ရှိမည်ဖြစ်ကာ တာကာ ၃၅၀ သန်းကျော်အထိ ဈေးကွက်တန်ဖိုးရရှိမည်ဟု ခန့်မှန်းထား ကြောင်းသိရှိရသည်။

Source: The Business Standards, March 17, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)