
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ဥရောပမှ ကြက်သား၊ ဘဲသားနှင့် ငန်းသားအစရှိသည့် မွေးမြူရေးတိရိစ္ဆာန်စုစုပေါင်း တန်ချိန် ၅၆,၅၀၀ ကျော် တင်သွင်းခဲ့ပြီး အရှေ့တောင်အာရှဒေသတွင် ဖိလစ်ပိုင်နိုင်ငံပြီးနောက် ဒုတိယအကြီးဆုံးဝယ်ယူသူဖြစ်လာကြောင်း ဥရောပကော်မရှင် (EC) ၏ ဒေတာများအရ သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတစ်လအတွင်းပင် ဗီယက်နမ်နိုင်ငံ သည် တန်ချိန် ၅,၃၀၀ ကျော် တင်သွင်းကာ ဒေသအတွင်းအကြီးမားဆုံး ဥရောပကြက်ဘဲ ဝယ်ယူသူဖြစ်လာခဲ့ကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တွင် ကျင်းပသော “European Poultry – From Farm to Fork” ကမ်ပိန်းအောက်ရှိ ပရိုမိုးရှင်းပွဲတွင် ပိုလန်နိုင်ငံကုန်သွယ်ရေးအသင်းအောက်ရှိ အမျိုးသားကြက်ဘဲမွေးမြူရေးကောင်စီ ဥက္ကဋ္ဌ Dariusz Goszczynski က ဗီယက်နမ်ကို ဒေသအတွင်း အရေးပါသော ဈေးကွက်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပနိုင်ငံများထဲတွင် ပိုလန်နိုင်ငံသည် အဓိကပို့ကုန်ရင်းမြစ်အဖြစ် ဆက်လက်ရပ်တည်နေပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၃၇,၃၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါသည်။ ၎င်း၏နောက်တွင် ပြင်သစ်နိုင်ငံက တန်ချိန် ၄,၉၀၀ ခန့်၊ ဟန်ဂေရီ၊ အီတလီနှင့် နယ်သာလန်တို့က တန်ချိန် ၄,၆၈၀၊ ၂,၇၅၀ နှင့် ၂,၁၇၀ အသီးသီး တင်ပို့ခဲ့ကြကြောင်း သိရပါသည်။ COVID-19 ကပ်ရောဂါကြောင့် ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း တင်သွင်းမှုလျော့နည်းခဲ့ပြီး နှစ်စဉ် တန်ချိန် ၃၀,၀၀၀ ခန့်သာ ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်မှ စတင်၍ စားသုံးမှုပြန်လည်အားကောင်းလာသဖြင့် တင်သွင်းမှုပမာဏသည် နှစ်ဆနီးပါး မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ရှိ ပိုလန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအေဂျင်စီ (PAIH) ရုံးအကြီးအကဲ Piotr Harasimowicz က ဥရောပထုတ်ကုန်များ၏ အရည်အသွေးမြင့်မားမှုနှင့် လုံခြုံရေးစံချိန်စံနှုန်းများကြောင့် စားသုံးသူယုံကြည်မှု မြင့်တက်လာခြင်းသည် တင်သွင်းမှုတိုးတက်လာစေသော အချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စက်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် လာမည့်နှစ်များတွင် လိုအပ်ချက်ဆက်လက်တိုးတက်မည်ဟု ခန့်မှန်းထားပြီး ပိုလန်နိုင်ငံမှ ဗီယက်နမ်သို့ တင်ပို့မှုတစ်ခုတည်းပင် နှစ်စဉ် တန်ချိန် ၄၅,၀၀၀ ခန့်အထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ဈေးကွက်ဒေတာ ထုတ်ပေးသည့် Agro Monitor အဆိုအရ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ စုစုပေါင်း အသားစားသုံးမှုအတွင်း ကြက်သားသည် ၃၃ ရာခိုင်နှုန်း ရှိလာပြီး ၂၀၂၂ ခုနှစ်၏ ၂၉ ရာခိုင်နှုန်းထက် မြင့်တက်လာကြောင်း သိရပါသည်။ ထို့အပြင် လူတစ်ဦးလျှင် တစ်နှစ်လျှင် ကြက်ဥစားသုံးမှုသည် ၁၉၈ လုံးခန့်သာ ရှိနေသေးပြီး ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ ၂၅၀ မှ ၃၀၀ လုံးထက် နည်းနေသဖြင့် ဈေးကွက်တိုးတက်ရန် အခွင့်အလမ်းများ ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ဝင်ငွေတိုးတက်လာမှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက် ပြောင်းလဲမှုများကြောင့် စားသောက်မှုပုံစံများ ပြောင်းလဲလာသဖြင့် ပြည်တွင်းကြက်ဘဲ မွေးမြူရေးလုပ်ငန်းနှင့် တင်သွင်းမှုနှစ်ဖက်စလုံးတွင် ဆက်လက်တိုးတက်လာမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
