Main menu

ဂျပန်နိုင်ငံ၏ ဆန်ထုတ်လုပ်မှု လျော့ကျဖွယ်ရှိ

Powered by Drupal

    ဂျပန်နိုင်ငံ၌ လယ်သမားများ၏ ဆန်စပါးစိုက်ပျိုးရန် စိတ်ပါဝင်စားမှု လျော့ကျလျက်ရှိရာ  ၂၀၂၆-၂၇ ရောင်းဝယ်ရေးနှစ်၌ ဆန်ထုတ်လုပ်မှုသည် ယခင်နှစ်အောက် ၁.၅ ရာခိုင်နှုန်းကျဆင်း လျက် တန်ချိန် ၇.၃၈ သန်းခန့်သာ ထွက်ရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) လက် အောက်ရှိ ပြည်ပစိုက်ပျိုး‌ရေးဝန်ဆောင်မှုဌာန (FAS) က ဖော်ပြခဲ့သည်။

    ဆန်ဈေးနှုန်းများ သိသာစွာမြင့်တက်မှုသည် မကြာသေးမီနှစ်ကာလများအတွင်း ဖြစ်ပေါ် နေခဲ့သော စပါးစိုက်ဧရိယာ ကျဆင်းမှုလမ်းကြောင်းကို ၂၀၂၅-၂၆ ခုနှစ်တွင် ခုခံတားဆီးမှု ဖြစ်စေခဲ့ သော်လည်း ဆန်သိုလှောင်မှု လက်ကျန်မြင့်တက်မှုနှင့် ဈေးနှုန်းတည်ငြိမ်လာမှု တို့အရ ဂျပန်နိုင်ငံ ၏ စပါးစိုက်ဧရိယာသည် ယခင်နှစ်ကထက် ၀.၈ ရာခိုင်နှုန်း လျော့နည်းပြီး ၂၀၂၆-၂၇ ခုနှစ်၌ ဟက်တာ ၁.၄၆ သန်းသို့ ပြန်လည်ကျဆင်းလာမည်ဟု ခန့်မှန်းရသည်။

    ထိုသို့ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်းသည် ဂျပန်နိုင်ငံ၏ ဆန်စပါးလုပ်ငန်းနယ်ပယ်၌ အသက်အရွယ်ကြီးရင့်သော လယ်သမားများ လုပ်ငန်းခွင်မှ ထွက်ခွာလျက်ရှိမှုနှင့်အတူ စပါးစိုက် ပျိုးမှုအစား ဂျုံ၊ ဘာလီနှင့် ပြောင်းတို့ကဲ့သို့သော အခြားသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးလာသည်ကို ထင်ဟပ်လျက်ရှိကြောင်း FAS က ပြောဆိုထားသည်။

    ဂျပန်နိုင်ငံ၏ ဆန်စားသုံးမှုမှာမူ မွေးမြူရေးလုပ်ငန်း၌ သုံးစွဲမှုတိုးတက်လာပြီး ယခင်နှစ်က ခန့်မှန်းခဲ့သည့် ပမာဏထက် ၁.၉ ရာခိုင်နှုန်းပိုမိုလျက် တန်ချိန် ၈.၀၅ သန်းသို့ ရောက်ရှိလာသည်။ ဆန်သည် ဂျပန်နိုင်ငံ၌ အဓိက အစားအစာအဖြစ် ဆက်လက်တည်ရှိနေသော်လည်း လူတစ်ဦးချင်း စားသုံးမှု နည်းပါးလာခြင်းနှင့် အသက်အရွယ်ကြီးသည့် လူဦးရေများပြားလာမှုတို့အရ ထမင်းချက် ပြုတ် စားသုံးမှုမှာမူ လွန်ခဲ့သော ဆယ်စုနှစ် ၆ ခု ကာလတစ်လျှောက် တစိုက်မတ်မတ် ကျဆင်းလာ ခဲ့သည်။

    ဂျပန်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၅-၂၆ ခုနှစ်၌ ၁၁ ရာခိုင်နှုန်း ကျဆင်းလျက် တန်ချိန် ၇၅၀၀၀၀ ခန့်သာရှိပြီး ပုဂ္ဂလိကကဏ္ဍ၏ တင်သွင်းမှု အားနည်းလာမည်ဟု တွက်ဆမှုနှင့်အတူ ၂၀၂၆-၂၇ ခုနှစ်တွင် ၇ ရာခိုင်နှုန်း ဆက်လက်လျော့နည်းပြီး တန်ချိန် ၇၀၀၀၀၀ ခန့်သာရှိမည်ဟု ခန့်မှန်းရသည်။

Source: World-Grain.com, 26 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)