Main menu

ပဲစင်းငုံနှင့် မတ်ပဲ အကောက်ခွန်လွတ်တင်သွင်းခွင့် ၂၀၂၇ ခုနှစ် မတ်လအထိ အိန္ဒိယတိုးမြှင့်

Powered by Drupal

    အိန္ဒိယအစိုးရသည် ပြည်တွင်း ဈေးကွက်ဝယ်လိုအားကို လုံလောက်စွာဖြည့်ဆည်းပေး နိုင်ရေးအတွက် အဓိကပဲ သုံးမျိုးဖြစ်သော ပဲစင်းငုံ၊ မတ်ပဲနှင့် စားတော်ပဲဝါတို့ကို တင်သွင်းခြင်းနှင့် စပ်လျဉ်းသည့် သွင်းကုန်မူဝါဒကို ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နောက်ထပ်တစ်နှစ် သက်တမ်းတိုးမြှင့်ပေးလိုက်သည်။

    အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်းမှ ဥက္ကဋ္ဌ Bimal Kothari က တင်သွင်းခွင့်မူဝါဒကို အစိုးရက နောက်ထပ်တစ်နှစ် သက်တမ်းတိုးမြှင့်ပေးခြင်းမှာ ကောင်းမွန်သည့် ဆုံးဖြတ်ချက် တစ်ရပ်ပင်ဖြစ်ပြီး ပဲမျိုးစုံကုန်သွယ်မှု လုပ်ငန်းနယ်ပယ်အတွက် ကာလရှည်၌ ရှုမြင်နိုင်စွမ်းကို အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ ထိုသို့ သက်တမ်းတိုးမြှင့်မှုနှင့်အတူ ၂၀၂၆-၂၇ ခုနှစ်တွင် ပဲမျိုးစုံ တင်သွင်းမှုသည် လက်ရှိနှစ်၏ ပမာဏနည်းတူ တန်ချိန် ၅ သန်းကို ကျော်လွန်ဖွယ်ရှိကြောင်း၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၌ ပဲမျိုးစုံ တင်သွင်းမှုသည် တန်ချိန် ၅.၂၃ သန်းခန့်ရှိပြီး ၎င်း၏ရှေ့တစ်နှစ်တွင် တင်သွင်းခဲ့သော တန်ချိန် ၇.၃ သန်းအောက်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

     အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဌာန (DGFT) က သီးခြားစီထုတ်ပြန်သော အမိန့် ကြော်ငြာစာများအရ ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပဲစင်းငုံနှင့် မတ်ပဲတို့ကို အကောက်ခွန် ကင်းလွတ်လျက် ဆက်လက် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ စားတော်ပဲဝါ တင်သွင်းခွင့်နှင့် စပ်လျဉ်း၍ အနိမ့်ဆုံးသွင်းကုန်ဈေးနှုန်း သတ်မှတ်ချက်နှင့် တင်သွင်းရမည့်ဆိပ်ကမ်း ကန့်သတ် ချက်များ ထားရှိခြင်းမပြုဘဲ အင်တာနက်အွန်လိုင်းဖြင့် သွင်းကုန်စောင့်ကြည့်ကြပ်မှုစနစ်အောက်၌ မှတ်ပုံတင်ရန် စည်းကမ်းချက်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ စားတော်ပဲဝါ တင်သွင်းမှု အားလုံးအတွက် သင်္ဘောတင်ပို့မှု အသေးစိတ်စာရင်း (Bill of lading) ထုတ်ပေးသည့်နေ့ရက် သည် ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီ သို့မဟုတ် ၎င်းနေ့ရက်နောက်ဆုံးထားရမည်ဖြစ် ကြောင်း သိရှိရသည်။ စားတော်ပဲဝါ တင်သွင်းမှုအပေါ် အကောက်ခွန် ၃၀ ရာခိုင်နှုန်း ဆက်လက် စည်းကြပ်ကောက်ခံမည်ဖြစ်သည်။

    မိုးရေချိန်ရရှိမှု ပုံမှန်ထက်လျော့နည်းခြင်းကြောင့် မိုးသီးနှံ ပဲမျိုးစုံစိုက်ပျိုးမှုအပေါ် ထိခိုက် စေနိုင်သည့် အယ်လ်နီညို (El Nino) ရာသီဥတုဖြစ်စဉ် ပေါ်ပေါက်မည့်အရေး စိုးရိမ်မှုများရှိနေချိန် ၌ လက်ရှိပဲတင်သွင်းခွင့်မူဝါဒကို မပြောင်းလဲပဲထားရှိခြင်းဖြင့် ပဲမျိုးစုံကုန်သွယ်မှုကို ထိန်းသိမ်း ထားနိုင်မည်ဟု မျှော်‌လင့်ရဖွယ်ရှိသည်။ ထို့အပြင် အနောက်အာရှဒေသ၌ စစ်ပွဲဆက်လက်ဖြစ်ပွား နေခြင်းကလည်း ကုန်စည်ထောက်ပံ့မှုကွင်းဆက်ကို အနှောင့်အယှက်ဖြစ်စေပြီး ကုန်စည်ပို့ဆောင် စရိတ်နှင့် အာမခံကြေးများကို မြင့်တက်စေလျက်ရှိရာ ပဲမျိုးစုံတင်သွင်းမှုမှာလည်း မြင့်တက်လာ ဖွယ်ရှိသည်။

    ၂၀၂၅-၂၆ ခုနှစ်အတွင်း ပြည်တွင်း၌ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကလည်း အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုသည့်ကာလကို အစိုးရက တိုးမြှင့်ပေးစေရန် အကြောင်းအရင်း တစ်ရပ်ဖြစ်သည်။ အစိုးရ၏ ၂၀၂၅-၂၆ သီးနှံစိုက်ပျိုးရေးနှစ်အတွက် ဒုတိယအကြိမ် ကြိုတင်ခန့် မှန်းချက်အရ ပဲစင်းငုံထွက်ရှိမှုသည် ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၃၆.၂၄ သိန်းအောက် ၄.၆၆ ရာ ခိုင်နှုန်း လျော့နည်းလျက် တန်ချိန် ၃၄.၅၅ သိန်းခန့် လည်းကောင်း၊ မိုးသီးနှံ မတ်ပဲ ထွက်ရှိမှုသည် ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁၃.၄၁ သိန်းအောက် ၁၀.၇ ရာခိုင်နှုန်း လျော့နည်းပြီး တန်ချိန် ၁၂.၀၆ သိန်းခန့် လည်းကောင်း၊ ဆောင်းသီးနှံ မတ်ပဲ ထွက်ရှိမှုသည် ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၅.၅၃ သိန်းအောက် ၈.၁၄ ရာခိုင်နှုန်း လျော့နည်းလျက် တန်ချိန် ၅.၀၈ သိန်းခန့် လည်းကောင်း အသီးသီးရှိနိုင်သည်။

    ပဲစင်းငုံနှင့် မတ်ပဲတို့ကို အကောက်ခွန်ကင်းလွတ်လျက် တင်သွင်းပြုထားချိန်တွင် ကုလားပဲ နှင့် ပဲနီလေးတို့ တင်သွင်းမှုအပေါ် အကောက်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်သည်။ မတ်ပဲ၊ ကုလားပဲနှင့် ပဲစင်းငုံတို့ တင်သွင်းမှု တိုးတက်သော်လည်း စားတော်ပဲဝါတင်သွင်းမှု ကျဆင်းခဲ့ သဖြင့် ပြက္ခဒိန်နှစ်အလိုက် အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုမှာ ၂၀၂၄ ခုနှစ်၌ တန်ချိန် ၆၈.၇၅ သိန်း ရှိရာမှ ၂၀၂၅ ခုနှစ် တွင် တန်ချိန် ၆၅.၆၉ သိန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။

Source: The Hindu Business Line, 31 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)