Main menu

၅ နှစ်တာကာလအတွင်း ကမ္ဘောဒီးယား၏ ပီလောပီနံတင်ပို့မှုနှစ်ဆမြင့်တက်လာ

Powered by Drupal

    ပီလောပီနံသည် ကမ္ဘောဒီးယား၏ ပြည်ပသို့တင်ပို့နေသည့် လယ်ယာထွက်ကုန်များအနက် တင်ပို့မှုအများဆုံးအလားအလာရှိသည့် သီးနှံတစ်ခုဖြစ်လာကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်တွင် ပီလောပီနံအစို၊ အခြောက်အပါအဝင် ပီလောပီနံအမှုန့်တို့အား နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခဲ့ပြီး ဒေါ်လာသန်း ၇၀၀ ကျော်ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား၊ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

    ၂၀၂၀ ပြည့်နှစ်မှစတင်၍ ပီလောပီနံအထွက်နှုန်း သိသာစွာ မြင့်တက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ပီလောပီနံ စိုက်ပျိုးမြေနေရာ ၆၆၃,၉၂၉ ဟက်တာ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် မြေနေရာ ၇၇၄,၈၄၃ ဟက်တာ အထိရှိလာကြောင်း၊ အထွက်နှုန်းအနေဖြင့် တန်ချိန် ၁၂.၆၈ သန်းမှ တန်ချိန် ၁၅.၉၅ သန်း အထိ တိုးလာကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ဝေခဲ့သည့် iTrade Bulletin တွင် ဖော်ပြထားပါသည်။

    လက်ရှိကမ္ဘောဒီးယားတွင် ပီလောပီနံ ထုတ်ကုန် ထုတ်လုပ်သည့် စက်ရုံ ၁၆ ခုရှိပြီး နိုင်ငံ တကာဈေးကွက်သို့ ကုမ္ပဏီ ၂၀ ကျော်ကတင်ပို့လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၅ ခုနှစ် အတွင်း ပီလောပီနံတင်ပို့မှု ၂၀၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပီလောပီနံ အစိုနှင့် အခြောက် တင်ပို့မှု ၂၁၆ ရာခိုင်နှုန်းမြင့်တက်လာပြီး ပီလောပီနံအမှုန့်တင်ပို့မှု ၇၄ ရာခိုင်နှုန်း မြင့်တက်လာ ကြောင်း သိရှိရသည်။

    ပီလောပီနံအစိုနှင့် အခြောက်ကို အဓိကဦးဆောင် တင်ပို့နေသည့် ကမ္ဘာ့နိုင်ငံများအနက် ကမ္ဘောဒီးယားသည် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ကာ ပြည်ပတင်ပို့မှုမှ ဒေါ်လာသန်း ၆၉၀ ရရှိခဲ့ပြီး ကမ္ဘာ့ဈေးကွက်၏ ၃၄.၇ ရာခိုင်နှုန်း ရရှိထားကြောင်းသိရသည်။ ကမ္ဘောဒီးယားသည် ပီလောပီနံ အမှုန့်တင်ပို့မှုတွင်  စတုတ္ထနေရာ၌ ရပ်တည်နေပြီး ဒေါ်လာ ၂၈ သန်းနီးပါး ရရှိခဲ့ကာ ကမ္ဘာ့ ဈေးကွက်၏ ၀.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းသိရသည်။

    ပီလောပီနံ အစိုနှင့် အခြောက်အား ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင်နှင့် မလေးရှားနိုင်ငံ များသို့ အဓိကတင်ပို့လျက်ရှိပြီး ပီလောပီနံအမှုန့်အား တရုတ်၊ ဗီယက်နမ်၊ အမေရိကန်ပြည်ထောင်စု၊ နယ်သာလန်၊ ကနေဒါ၊ စင်ကာပူနှင့် အီတလီနိုင်ငံများသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရ သည်။ ၂၀၃၀ ပြည့်နှစ်ကုန်အထိ ပီလောပီနံတင်ပို့မှုမှ ဒေါ်လာ ၁.၂ ဘီလီယံနှင့် ပီလောပီနံအမှုန့် တင်ပို့မှုမှ ဒေါ်လာ ၂၆ သန်း အသီးသီးရရှိနိုင်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်းထား သည်။ ပီလောပီနံအား စားသောက်ကုန်အမျိုးမျိုးတွင် အသုံးပြုလျက်ရှိပြီး ပီလောပီနံမှ ထွက်ရှိ သည့် စွန့်ပစ်ကုန်ကြမ်းအား တိရစ္ဆာန်အစားအစာ၊ သဘာဝဓာတ်မြေဩဇာ၊ ဇီဝလောင်စာနှင့် ဇီဝနည်းပညာထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

     ၂၀၂၀ ပြည့်နှစ် ဩဂုတ်လထုတ် Government’s Industrial Development Policy (၂၀၁၅-၂၀၂၅) နှင့် ကိုက်ညီမှုရှိစေရန်၊ ပီလောပီနံထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ပြည်ပတင်ပို့မှု ဈေးကွက်အလားအလာ ပိုမိုရရှိစေရန်အတွက် ကမ္ဘောဒီးယားတွင် National Cassava Policy (၂၀၂၀-၂၀၂၅) ကို ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ အဆိုပါ မူဝါဒအား စီးပွားကူးသန်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တို့ ပူးပေါင်းရေးဆွဲထားပြီး စီးပွားရေးတိုးတက်စေရန်၊ ဆင်းရဲမှုလျော့ချရန်နှင့် Government’s Industrial Development Policy ၏ ပန်းတိုင်များ ပြည့်မီစေရန် မျှော်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။

Source: Phnom Penh post, 30 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)