အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် သင်္ဘောတင်ပို့မှု ကြန့်ကြာလာပြီး ရေလမ်း သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်လာခြင်းက ဗီယက်နမ် ဆန်တင်ပို့မှုကို အနှောင့်အယှက် ဖြစ်စေလျက်ရှိသည်။ ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းပေးပို့မှုများကို ရွှေ့ဆိုင်းနေရပြီး စာချုပ် သစ်များ ချုပ်ဆိုရာတွင်လည်း ပိုမို သတိထားဆောင်ရွက်နေရကြောင်း တာဝန်ရှိသူများက မတ်လ ၂၄ ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံများအနက် တစ်ခုဖြစ်သော ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုအားကောင်းရန် မျှော်လင့်ထားပြီး ယခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇.၇၃ သန်းခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားသော်လည်း ယခုကဲ့သို့ သယ်ယူပို့ဆောင် ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ Can Tho မြို့တွင် ကျင်းပပြုလုပ်သော အစိုးရ၏ ဆန်တင်ပို့ မှုဆိုင်ရာညီလာခံတွင် တင်ပြခဲ့သည့် အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ဗီယက်နမ် နိုင်ငံသည် မတ်လ ၁၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၈၂၆.၂ သန်း တန်ဖိုးရှိသော ဆန်တန်ချိန် ၁.၇၄ သန်းခန့်ကို တင်ပို့ခဲ့ပြီး ဖြစ်သည်။ ဆန်တင်ပို့မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် ၂.၃ ရာခိုင်နှုန်း မြင့်တက်လာသော်လည်း ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ ကျဆင်းသွားခြင်း ကြောင့် ပို့ကုန်ဝင်ငွေမှာ ၈.၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။ အဓိက ဆန်တင်ပို့သည့် နိုင်ငံကြီး များဖြစ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ဆန်တင်သွင်းမှု များပြားလာခြင်းကြောင့် ပျမ်းမျှ ပို့ကုန် ဈေးနှုန်းမှာ ၁၀.၇ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး တစ်တန်လျှင် ၄၇၇.၆ ဒေါ်လာခန့်သာရှိ ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် သင်္ဘောလမ်းကြောင်း များနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် တိုးမြင့် လာသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွင်း ဆန်တင်ပို့မှုများသည် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများ၏ ရိုက်ခတ်မှုကိုခံရ ဖွယ်ရှိသည်ဟု စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သွင်းကုန်ထုတ်ကုန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Nguyen Anh Son က ပြောကြားခဲ့သည်။
ရေကြောင်းအာမခံကြေးများ မြင့်တက်လာပြီး ကုန်ပစ္စည်းပေးပို့ရသည့် ကြာမြင့်ချိန်မှာ ၁၀ ရက်မှ ၁၅ ရက်အထိ ပိုမိုကြာမြင့်လာသည်။ ထို့ပြင် ဆန်တင်ပို့မှုအတွက် ပြည်တွင်း သယ်ယူ ပို့ဆောင်မှုစရိတ်မှာလည်း တစ်တန်လျှင် ဗီယက်နမ်ဒေါင် ၂၀,၀၀၀ မှ ၃၀,၀၀၀ (အမေရိကန် ဒေါ်လာ ၀.၈ မှ ၁.၂) ခန့်အထိ မြင့်တက်လာကြောင်း Nguyen Anh Son က ထပ်လောင်းပြောကြားခဲ့သည်။
ပို့ကုန်လုပ်ငန်းရှင်များသည် ကွန်တိန်နာအလွတ်များ ရှားပါးမှုနှင့် သင်္ဘောလိုင်းအချို့၏ အရှေ့အလယ်ပိုင်းသို့ သွားမည့် ဝန်ဆောင်မှုခရီးစဉ်များကို လျှော့ချခြင်း သို့မဟုတ် လမ်းကြောင်း ပြောင်းလဲခြင်းများကြောင့် သင်္ဘောအချိန်ဇယားများ မကြာခဏ ပြောင်းလဲနေရသည့် အခြေအနေ များကိုလည်း ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် ကုန်ပစ္စည်းတင်ရန် နေရာရရှိမှု ခက်ခဲလာပြီး သတ်မှတ်ထားသော ကုန်ပစ္စည်းပေးပို့ရမည့် ရက်ချိန်းများကို ပြည့်မီရန် ပိုမိုခက်ခဲလာစေသည်။
ကုန်သည်အများအပြားသည် စာချုပ်များကို ပြန်လည်ညှိနှိုင်းခြင်း သို့မဟုတ် ကုန်ပစ္စည်း ပေးပို့မှုများကို ရွှေ့ဆိုင်းခြင်းများ ပြုလုပ်နေရပြီး ကုမ္ပဏီအချို့မှာမူ ကမ္ဘာ့ဈေးကွက်အတွင်း မရေ ရာမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် အော်ဒါအသစ်များကို ဆိုင်းငံ့ထားကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန်၏ အကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ၂၀၂၆ ခုနှစ်၏ ပထမလများအတွင်း ဗီယက်နမ်ဆန်တင်ပို့မှု စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းနီးပါး (တန်ချိန် ၇၁၁,၀၀၀ ခန့်) ကို ဝယ်ယူခဲ့သည်။ ၎င်းမှာ ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှုများကို ပြန်လည် စတင်ခဲ့ပြီးနောက် ယခင်နှစ် အလားတူကာလထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ဒုတိယနေရာတွင် ရပ်တည်နေပြီး တန်ချိန် ၁၇၈,၀၀၀ ခန့် တင်သွင်းခဲ့သည်။ ၎င်းမှာ Tet ဟုခေါ်သော Lunar နှစ်ကူးပွဲတော်မတိုင်မီ ဝယ်လိုအား မြင့်တက် လာခြင်းကြောင့် ယခင်နှစ် ကာလတူထက် နှစ်ဆကျော် ပိုမိုများပြားလာခြင်း ဖြစ်သည်။ မလေးရှား နှင့် ဩစတေးလျ ကဲ့သို့သော အခြားဈေးကွက်များတွင်လည်း သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သော်လည်း အာဖရိကနိုင်ငံအချို့သို့ ဆန်တင်ပို့မှုမှာ မူယခင်နှစ်က ဝယ်လိုအားထက် အဆမတန် မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် ပြန်လည်ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Source: Vietnam net Global, 25 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
