Main menu

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁ ဘီလီယံ ချေးငွေ အတည်ပြု

Powered by Drupal

        ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်စွမ်းအား မြှင့်တင်ရန်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စားနပ်ရိက္ခာစနစ်တစ်ခု တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ချေးငွေထုတ်ပေးရန် ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ကြောင်း သိရသည်။

       ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်၏ အမှုဆောင်ညွှန်ကြားရေးမှူးများအဖွဲ့သည် “ဖိလစ်ပိုင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍ အသွင်ကူးပြောင်းမှုစီမံကိန်း” (PSAT) အတွက် အဆိုပါ ရန်ပုံငွေကို တရားဝင်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ဤစီမံကိန်းသည် ဖိလစ်ပိုင်တစ်နိုင်ငံလုံးရှိ လယ်သမား ၅ သန်းကျော်ကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပြီး အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ထုံး လုပ်နည်းများကို ခေတ်မီအောင် ဆောင်ရွက်ခြင်း၊ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှုကိုမြှင့်တင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

        ကမ္ဘာ့ဘဏ်၏ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး Zafer Mustafaoğlu က ဤရင်းနှီးမြှုပ်နှံမှုသည် ဖိလစ်ပိုင်စိုက်ပျိုးရေးကဏ္ဍအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မှန်ကန်သည့် မူဝါဒများ၊ စနစ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် လယ်သမားများ ဝင်ငွေပိုရလာမည်ဟု ပြေားကြားခဲ့သည်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိလာပြီး ပြည်သူများအတွက်လည်း ဈေးနှုန်းသက်သာပြီး ဘေးကင်းတဲ့ အစားအစာများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

          PSAT စီမံကိန်း၌ ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးရေးနည်းစနစ်များ၊ မျိုးစေ့နှင့် မြေဩဇာစီမံခန့်ခွဲမှု၊ ရေချွေတာရေးနှင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး နည်းပညာများကို မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ လယ်ယာသုံးသွင်းအားစုများကို မြန်ဆန်ပွင့်လင်းမြင်သာစွာ ဖြန့်ဝေနိုင်ရန် Digital Voucher System အသစ်ကို ကျင့်သုံးသွားမည်ဖြစ်သည်။

         စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဘတ်ဂျက်သုံးစွဲမှု၊ အချက်အလက်စီမံခန့်ခွဲမှုနှင့် ပစ္စည်းဝယ်ယူမှု လုပ်ငန်းစဉ်များကိုလည်း ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ စိုက်ပျိုးရေးဆိုင်ရာ အကြီးတန်းပညာရှင် Mio Takada က ယခုစီမံကိန်းကြောင့် လယ်သမားများ ၏ ဝင်ငွေတိုးတက်လာမည့်အပြင် ရိတ်သိမ်းချိန်အလွန် လေလွင့်ဆုံးရှုံးမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

​Source : VN Express                                                                           

DOCA (ရန်ကုန်)