
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်သည် အဓိကစီးပွားရေးလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် ငါးခြောက်ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကျောက်တန်းဒေသတွင်းထွက်ရှိသည့် ဆန်စပါးနှင့် ငါးခြောက်များမှာ လူသိများလာပေသည်။ ထို့အပြင် ယခုလက်ရှိစီးပွားရေးလုပ်ငန်းများအနေဖြင့် သဘာဝဌက်သိုက်များ ထုတ်လုပ်ရန်အတွက် ဇီဝဇိုးဌက်များ မွေးမြူခြင်းလုပ်ငန်းအား စီးပွားဖြစ်ချဲ့ထွင်လုပ်ကိုင်လာကြသည်။
စီးပွားဖြစ်ဇီဝဇိုးဌက်အိမ်ဆောက်ရန်အတွက် ကုန်ကျစရိတ်အားဖြင့် သိန်းရာချီရှိပေသည်။ ဌက်အိမ်ဆောက်ရန်အတွက် အရေးကြီးဆုံးအချက်အနေဖြင့် ဇီဝဇိုးဌက်ရှိခြင်း/ မရှိခြင်း၊ ဌက်များခြင်း/ မများခြင်း စသည့် တည်နေရာ (Location)ကို ရွေးချယ်ရမှာဖြစ်ပြီး စမ်းခေါ်ကြည့်ရန် လိုအပ်ပေသည်။ ဌက်များလာရောက်ရန် အစမ်းခေါ်ရာတွင်လည်း အဆောက်အအုံ (အမြင်သံ/ အတွင်းသံ) နှစ်မျိုးခွဲ၍ အသံတုဖြင့် စမ်းသပ်ခေါ်ရခြင်းဖြစ်ပါသည်။
ဇီဝဇိုးဌက်များ မွေးမြူခြင်း၏ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်တို့မှာ ဇီဝဇိုးဌက်မွေးမြူခြင်းသည် အစာဖိုးကုန်ကျစရိတ် လုံးဝမရှိသော်လည်း ကုန်သည့်ရင်းနှီးမြှပ်နှံမှုမှာ အဆောက်အဦး ဆောက်လုပ်ရန် မြေနေရာနှင့် ဌက်များမွေးမြူရန်အဆောက်အဦးမှာ များပြားလှပေသည်။ ဇီဝဇိုးဌက်များသည် လေထုထဲတွင်ရှိပြီး ကောင်းကင်မှာပျံသန်းနေတဲ့ ပိုးမွှားများကို စားခြင်းဖြစ်သည့်အတွက် ပညာရှင်များမှ တိမ်ညွန့်စားသည့် ဌက်များဟု တင်စားခေါ်ဝေါ်ကြသည်။
ဇီဝဇိုးဌက်များသည် အသိုက်ထုတ်လုပ်ရာတွင် အချိန်မတူညီကြပေ။ အချို့ဌက်များမှာ ဌက်အိမ်စတင်ဝင်ရောက်ပြီး (၁)လ၊ (၂)လ၊ (၃)လကြာပြီး အသိုက်ထုတ်လုပ်တည်ဆောက်ကြသလို တစ်ချို့ဌက်များမှာ နှစ်ချီ၍ အချိန်ကြာမြင့်တက်ကြသည်။ အဆိုပါ ဇီဝဇိုးဌက်များ မွေးမြူခြင်းလုပ်ငန်းအား (၂၀၁၉)ခုနှစ်မှ စတင်၍ စမ်းသပ်မွေးမြူခဲ့ရာ ယခုအချိန်ထိ (၇)နှစ်တိုင်တိုင် ကြာမြင့်ပြီးဖြစ်ကြောင်း သိရှိရသည်။ ဌက်သိုက် အခွက်ကြမ်းရရှိမှုမှာ ပုံမှန်မရှိသည့်အတွက် (၁)လ လျှင် မည်မျှရရှိသည့်ကိုမှု ခန့်မှန်း၍မရပေ။
သဘာဝဌက်သိုက်ပေါင်းရည် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကိုမှု ၂၀၂၄-၂၀၂၅ ခုနှစ်မှ စတင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြောင်း သိရှိရသည်။
သန့်စင်ထားခြင်းမရှိသေးသည့် အခွက်ကြမ်း (၁)ပိဿာကို ကုန်ချောပြုလုပ်ပါက သန့်စင်ပြီးခွက်သန့်ချော အနေဖြင့် Grade (A,B,C)သုံးမျိုးကွဲ၍ (၇၀)ကျပ်သားနှုန်းထွက်ရှိကြောင်း သိရှိရသည်။ ၎င်းသန့်စင်ပြီး ခွက်သန့်ချောများအားရောင်းချပါက Grade A (၁)ကျပ်သားလျှင် (၆၅၀၀၀/-)ကျပ်၊ Grade B (၁)ကျပ်သားလျှင် (၅၀၀၀၀-၆၀၀၀၀/-)ကျပ်ထိ၊ Grade C (၁)ကျပ် သားလျှင် (၄၀၀၀၀/-)ကျပ် စသည့်ဖြင့် ရောင်းချကြောင်း သိရှိရသည်။
သဘာဝဌက်သိုက်ပေါင်းရည် ထုတ်လုပ်ရောင်းချမှုအနေဖြင့် တစ်လျှင် (၄၅)မီလီမီတာ အသားတင်ပမာဏရှိသည့် ပုလင်းပေါင်း (၄၀၀)မှ (၅၀၀)ထိ ဖြန့်ဖြူးရောင်းချရပြီး အဆိုပါ ပုလင်း (၁)ပုလင်းလျှင် (၇၀၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချပါသည်။ ဖြန့်ဖြူးရောင်းချမှုအပိုင်းအနေဖြင့် တစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဖြစ်သည့်အတွက် ဝင်ငွေအားဖြင့် တစ်လျှင် (၅)သိန်းမှ (၆)သိန်းအထိ အမြတ်ရရှိကြောင်း သိရှိရသည်။
ဇီဝဇိုးဌက်မွေးမြူခြင်းနှင့် သဘာဝဌက်သိုက်ပေါင်းရည် ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းသည် လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ရရှိရုံသာမက ဒေသတစ်ခု၏ ထွက်ကုန်ပစ္စည်းဖြစ်သည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိသည့်အပြင် ပြည်တွင်းစားသုံးမှုအနေဖြင့် လည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရနိုင်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
