
ဗီယက်နမ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းတွင် ဆန်ရောင်းလိုအားမြင့်တက်လာပြီး တင်ပို့သည့်စျေးနှုန်းများ လျော့နည်းလာမှုကြောင့် ပြည်တွင်းဆန်စျေးနှုန်းနှင့် စိုက်ပျိုးရေးသမားများ၏ ဝင်ငွေများအပေါ် ဖိအားများမြင့်တက်လာသဖြင့် ဆန်တင်ပို့သည့်ဈေးကွက်များကို ချဲ့ထွင်ရန် နည်းလမ်းများရှာဖွေနေကြောင်း သိရပါသည်။ နိုင်ငံ၏ အဓိကဆန်ထုတ်လုပ်ရာဒေသဖြစ်သော မဲခေါင်မြစ်ဝှမ်းဒေသတွင် လက်ရှိတွင် ဆောင်း–နွေရာသီ အမြင့်ဆုံးစပါးရိတ်သိမ်းကာလသို့ ဝင်ရောက်နေကြောင်း သိရပါသည်။ ထိုအခြေအနေတွင် အာဏာပိုင်များနှင့် လုပ်ငန်းရှင်များအား ဆန်ဝယ်ယူမှုကို အရှိန်မြှင့်လုပ်ဆောင်ရန်၊ စျေးနှုန်းတည်ငြိမ်စေရန်၊ စိုက်ပျိုးရေးသမားများအတွက် အကျိုးအမြတ်သေချာစေရန်နှင့် တည်တံ့ခိုင်မြဲသော ဆန်တင်ပို့မှုကို မြှင့်တင်ရန် တိုက်တွန်းထားကြောင်း သိရပါသည်။ ယခုနှစ်အစမှ မတ်လအလယ်ပိုင်းအထိ ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၈၂၆.၂ သန်းတန်ဖိုးရှိသော ဆန်တန်ချိန် ၁.၇၄ သန်းခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။ တစ်တန် ပျမ်းမျှ တင်ပို့သည့်စျေးနှုန်းမှာ ၄၇၇.၆ အမေရိကန်ဒေါ်လာဖြစ်ပြီး ယခင်နှစ်နှိုင်းယှဉ်ပါက ၁၀.၇ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။ စျေးနှုန်းကျဆင်းရခြင်းမှာ ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာတွင် ထုတ်လုပ်မှုများပြားလာခြင်းနှင့် အတူ အစဉ်အလာတင်သွင်းသည့်ဈေးကွက်အချို့တွင် ဝယ်လိုအား လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ အဓိက ဝယ်ယူသူများသည် ပြည်တွင်းသိုလှောင်မှုနှင့် အစားအစာဖူလုံမှု အားကောင်းလာသောကြောင့် တင်သွင်းမှုလျှော့ချလာကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာသဖြင့် ဒေသတွင်း ဆန်တင်ပို့သည့်ဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် စဉ်းစားနေကြောင်း သိရပါသည်။ ပထဝီနိုင်ငံရေးအကြောင်းအရာများသည်လည်း ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သိရပါသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ထိခိုက်ကာ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာပြီး အဆိုပါဒေသသာမက ဥရောပဈေးကွက်များသို့ ပို့ဆောင်မှုများကိုလည်း သက်ရောက်မှုရှိစေကြောင်း သိရပါသည်။ ဗီယက်နမ်တွင် နှစ်စဉ် ဆန်စိုက်ပျိုးဧက ၇ သန်းကျော် ရှိပြီး ၄၃.၆ သန်းတန်ခန့် ထုတ်လုပ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ထိုပမာဏထဲမှ စပါး ၁၅.၄၆ သန်းတန် (ဆန် ၇.၇၃ သန်းတန်နှင့် ညီမျှ) ကို တင်ပို့ရန် အသင့်ရှိနေကြောင်း သိရပါသည်။ ရေတိုအတွင်း အစိုးရက ရိတ်သိမ်းပြီး ဆန်မရောင်းနိုင်သော အခြေအနေမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဒေသအာဏာပိုင်များအား လုပ်ငန်းရှင်များ၊ သမဝါယမအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရိတ်သိမ်းကာလအတွင်း ဆန်များကိုအချိန်မီဝယ်ယူနိုင်ရေး ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရပါသည်။ ထို့အပြင် လုပ်ငန်းများကိုလည်း လက်မှတ်ရေးထိုးထားသည့် တင်ပို့မည့်စာချုပ်များကို ဖြည်းစည်းနိုင်ရန်နှင့် အနာဂတ်လိုအပ်ချက်များအတွက် ယာယီသိုလှောင်မှု တိုးမြှင့်ရန် ဆန်ဝယ်ယူမှုများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ရိတ်သိမ်းရာသီအတွင်း ဝယ်ယူနိုင်စွမ်းတိုးချဲ့ရန် လုပ်ငန်းများအတွက် အတိုးနည်းပါးသော ချေးငွေများလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ သိုလှောင်စနစ်ကြီးများရှိသည့် လုပ်ငန်းများအတွက် အထူးသဖြင့် ဦးစားပေးချေးငွေ မူဝါဒများက ယာယီသိုလှောင်မှု တိုးမြှင့်နိုင်စေပြီး ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ကူညီနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ရေရှည်အတွက် ဆန်ထုတ်လုပ်မှုကို အရည်အသွေးမြင့်မားပြီး အထူးအမျိုးအစားများဘက်သို့ ထုတ်လုပ်မှုပြန်လည်ဖွဲ့စည်းခြင်းကို ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် အရေးကြီးသည့် လမ်းကြောင်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ လက်ရှိတွင် ဆောင်း–နွေရာသီ သီးနှံစိုက်ပျိုးမှုတွင် အရည်အသွေးမြင့်နှင့် ဆန်မွှေးများ ၇၅ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ထုတ်လုပ်မှုကောင်းမွန်သော အလှည့်အပြောင်းတစ်ခုဖြစ်ပေါ်လာနေသည်ကို ပြသနေကြောင်း သိရပါသည်။ ထို့အပြင် ဗီယက်နမ်သည် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များမှ အခွင့်အလမ်းများကို ပိုမိုအသုံးချရန် မျှော်လင့်ထားကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ–ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်အောက်တွင် ဥရောပသမဂ္ဂသည် ဗီယက်နမ်ဆန်အတွက် နှစ်စဉ် တန် ၈၀,၀၀၀ ကို အခွန်မဲ့ တင်ပို့ခွင့် ပေးထားကြောင်း သိရပါသည်။ ယူကေ–ဗီယက်နမ် သဘောတူညီချက်အောက်တွင်လည်း အလားတူအခွန်သက်သာခွင့်များ ရရှိထားပြီး CPTPP အဖွဲ့ဝင်ဈေးကွက်အချို့တွင်လည်း အကောက်ခွန် သုညနှုန်းထားများ အသုံးပြုထားကြောင်း သိရပါသည်။ သို့သော် ဗီယက်နမ်၏ ဆန်ဈေးကွက်ဝေစုသည် အဆိုပါဈေးကွက်များတွင် မျှော်မှန်းထားသလောက် မမြင့်မားသေးကြောင်း တွေ့ရပြီး အရည်အသွေး၊ မူရင်းအထောက်အထားနှင့် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်မီမှုတိုးတက်ရန် လုပ်ဆောင်နိုင်ပါက မြင့်တက်နိုင်သော အခွင့်အလမ်းများ ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များမှတစ်ဆင့် ဈေးကွက်အသစ်များ ချဲ့ထွင်နိုင်ခြင်းက အစဉ်အလာဈေးကွက်များ အပေါ်မီခိုမှုကိုလျှော့ချနိုင်ကာ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှု မြင့်တက်လာနေသည့် အခြေအနေတွင် ဆန်တင်ပို့မှုကို ပိုမိုတည်တံ့စေရန် ကူညီနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
