
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၄.၂၀၂၆)ရက်နေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်၊ ညောင်ပင်ဈေး(၅)လမ်းရှိ “ရွှေတိုး” အမှတ်တံဆိပ် ငှက်ပျောကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသောလုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးဆောင် ရွက်ရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာ ဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
