
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။ တိုင်ထောင်ပဲတောင့်ရှည် ပင်များကို မစိုက်မီ မြောင်းဘောင်ကို အရင်ဆုံးပြုပြင်ရပြီး ပဲမျိုးစေ့များကို အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နှင့်တစ်ပင် တစ်ထောင်ခြားစိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရကြောင်း၊ စိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် တိုင်ထောင်ပေးပြီး ရက် (၄၀)ခန့်အကြာတွင် စတင်အသီးသီး၍ ရက် (၅၀)လျှင် အသီး လှိုင်လှိုင်သီးကြောင်း၊ နှစ်ရက်ခြားတစ်ခါခူး၍ ရောင်းရပြီး နှစ်လကြာအထိ ခူးဆွတ် ရောင်းချရကြောင်း ပေါင်မြို့နယ်အတွင်းရှိ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ တိုင်ထောင်ပဲတောင့်ရှည်များကို ရာသီမရွေး စိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသပေါက်စျေး ပဲတောင့်ရှည် ၁ပိဿာလျှင် (၁၀၀၀၀) ကျပ် ဆယ်တောင့်တစ်စည်းလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည်။ ပေါင်မြို့နယ်တွင် ရော်ဘာ စိုက်ပျိုးရေးနှင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မိသားစု စားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိနိုင်ရန်အတွက် ဟင်းသီးဟင်းရွက် ပင်များကို စိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း သိရသည်။
DOCA (မွန်)
