Main menu

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကျင်းပ

Powered by Drupal

     ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ကျင်းပခဲ့ပါသည်။

         အဆိုပါ အစည်းအဝေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ အသစ်ပြင်ဆင်ဖွဲ့စည်းသည့် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဖြစ်ပါကြောင်း၊ ဥပဒေသစ်အရ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး ကော်မရှင်မှ တိုင်းစားသုံးသူရေးရာကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားပါကြောင်း၊ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ၂၀၂၀ မတ်လ ၁၆ ရက်နေ့တွင် စတင်အာဏာ သက်ရောက်မည်ဖြစ်၍ ထည့်သွင်းရမည့်အချက်များအား ကုန်ထုတ်လုပ်သူအသင်းများအား အသိပညာများပေးခဲ့ပါကြောင်း၊ ထို့ပြင် တိုင်း/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများက ထုတ်လုပ်သည့် လုပ်ငန်းနေရာများ၊ စည်ပင်သာယာဈေးများ၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များအထိ သွားရောက်အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ CICC တိုင်ကြားမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းခဲ့မှုအခြေအနေများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာဆောင်ရွက်ခဲ့မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

      ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ အမှာစာများကို ဖတ်ကြားခဲ့ပြီးတက်ရောက်လာ သည့်ကော်မတီဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီတွင် အဖွဲ့ဝင်အင်အား နည်းပါ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများအား အဖွဲ့ဝင် အဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းသွားရန်နှင့်အသိပညာပေးမှုကိုလည်း ဒီထက်ပို၍ အားစိုက် ဆောင်ရွက်ပေးရန် အွန်လိုင်းရောင်းဝယ်မှုနှင့်ပတ်သက်၍ ပိုမိုသတိထားဆောင်ရွက်ကြရန်၊ လုပ်ငန်း၏ ဟာကွက်ပေါ်မူတည်၍ လုပ်ငန်းရှင်မှ လက်တစ်လုံးကြားဆောင်ရွက်မှုမျိုးမဖြစ်ရန် Law Enforcement ဖြစ်စေရေး  ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်းလာရေးနှင့် စပ်လျဉ်း၍ ဆေးအရောင်းဆိုင်များ၊ လုပ်ငန်းရှင်များကို ဖိတ်ကြား၍ အသိပညာပေးမှုများ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေအရာရှိကိုပါ ဖိတ်ကြား၍ ဆောင်ရွက်သွားရန် အကြံပြုပြောကြားလိုကြောင်း၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ အများဆုံးတွေ့ရှိရ သည့်အတွက် လုပ်ငန်းလိုင်စင်ပေးသည့် ဌာနများမှလည်း ယာဉ်လိုင်းများကို မိမိတို့ကတိပြုထားသည့် အတိုင်းဆောင်ရွက်ပေးရမည့် အပိုင်းများကို တာဝန်ကျေနိုင်ရေး ပိုမိုကြပ်မတ်ပေးရန် မှာကြားလို ကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသည့်ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို ချမှတ်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန