Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌  စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီနှင့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူဖြန့်ဖြူးမှု ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

        (၄.၅.၂၀၂၆) ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌  စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီနှင့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူဖြန့်ဖြူးမှု ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပဆောင်ရွက်ခဲ့ရာ စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

        ရှေးဦးစွာ စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ လက်ကား/ လက်လီကိုယ်စားလှယ်များအနေဖြင့် အရေအတွက်မှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်၊ အရည်အသွေးမှန် စသည့် မှန် (၄) မှန်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီများ ပျံ့ပျံ့နှံ့နှံ့ရောက်ရှိစေရေးမှန်မှန် ကန်ကန်ဖြန့်ဖြူး ရောင်းချပေးရန်လိုအပ်ကြောင်း၊  စားအုန်းဆီ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းထက် ပိုမိုမရောင်းချရန်လိုအပ်ကြောင်း၊ ဆန်၊ စားအုန်းဆီ၊ ဆေးဝါးတို့သည် အ‌ရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ‌ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ မသမာသောလုပ်ဆောင်မှုများပြုလုပ်ခြင်းကို တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် သတ်မှတ်နေရာများသို့ သတ်မှတ်အရေအတွက် အတိုင်းရောက်ရှိမှုရှိ/ မရှိ၊ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေး အတိုင်းရောင်းချမှုရှိ/ မရှိကို ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများနှင့် ပူးပေါင်း၍ စိစစ်ကြပ်မတ် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ဆီလျှောက်လွှာများတင်ရာတွင် အထောက်အထားသတ်မှတ်ချက်များ ပြည့်စုံစွာပါရှိရန်နှင့် ကော်မတီအဖွဲ့ဝင်များ၏ စည်းကမ်သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

         ဆက်လက်၍ စက်မှုလုပ်ငန်းသုံး စားအုန်းဆီ ထုတ်ယူဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်လှိုင်က စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူဖြန့်ဖြူး မှုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးက နိဂုံးချုပ် လမ်းညွှန်အမှာစကားပြောကြား၍ အစည်းအဝေးကို  မွှန်းလွှဲ( ၁၂း၀၀)နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)