
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသထွက်ရာသီစာသီးနှံများဖြစ်သော ဒူးရင်းသီး၊မင်းဂွတ် သီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ သရက်သီး၊ တညင်းသီး စသည်တို့ကို မြိတ်ခရိုင်အတွင်းရှိ၊ မြိတ်၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီမြို့နယ်တို့မှ စိုက်ပျိုးထွက်ရှိပါသည်။ အများအားဖြင့် ကျွန်းစုမြို့နယ်နှင့် တနင်္သာရီ မြို့နယ်တို့မှ အများအပြားထွက်ရှိပါသည်။ ရာသီစာသီးနှံများထဲမှ ဒူးရင်းသီးနှင့်တညင်း သီးသည် ဒေသတွင်းစားသုံး၍ပိုလျှံသဖြင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ ဒူးရင်းသီးသည် လူတိုင်းကြိုက်နှစ်သက်သဖြင့် အရောင်းသွက်ကာ ဈေးကောင်းရသဖြင့် စိုက်ပျိုး ထုတ်လုပ်သူပိုများလာကြောင်းသိရှိရပါသည်။ တစ်ချို့ခြံရှင်များက ဒူးရင်းအသီးအသားများ သီးသန့် ထုတ်ပိုး၍ အအေး ခန်းထဲထားကာ ရောင်းချကြကြောင်းသိရှိရပါသည်။ ဒူးရင်းသီးသည် အမျှင် ဓာတ်ကြွယ်ဝ၍ သံဓါတ်၊ ဖော့လစ်အက်ဆစ်ဓါတ်များစွာပါဝင်၍ ကယ်လိုရီများစွာပါဝင်သည့် အတွက် ကျောက်ကပ်သမားနှင့် ဆီးချိုသမားများ သတိထားစားသင့်ပါသည်။ ဒူးရင်းသီး စားသုံးခြင်း ဖြင့် ဝမ်းပုံမှန်သွားစေပြီး၊ အရိုး သန်မာစေပြီး၊ သွေးအားနည်းရောဂါများမှ ကာကွယ်ခြင်း၊ အိပ်မပျော် တဲ့ရောဂါသက်သာစေပြီး၊ ကင်ဆာရောဂါများကို ကာကွယ်ပေးပါသည်။
၂၀၂၆ခု၊ ဧပြီလ(၂၈)ရက်နေ့တွင် မင်းဂွတ်သီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ ကြက်မောက်သီး တစ်လုံး လျှင်(၆၀၀)ကျပ်၊ ပိန္နဲသီးတစ်လုံးလျှင် (၈၀၀၀)ကျပ်၊ သရက်သီးတစ်လုံးလျှင်(ရင်ကွဲသီး) (၁၀၀၀) ကျပ်၊ တညင်းသီးတစ်လုံးလျှင် (၁၀၀)ကျပ်၊ ဒူးရင်းသီးတစ်လုံးလျှင် (အကြီး) (၈၀၀၀)ကျပ် တို့ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
